"အမေ..သို့"


အမေ့ကဗျာ
ပေလွှာရွက်ကုန်
နှိုင်းပုံတုမဲ့
ရေးဖွဲ့ဂုဏ်ရည်
ဥာဏ်မမှီ၍
ဤသည်မှပင်
ဦးခိုက်တင်သည်
မွေးရှင်မာတာ ဝန္ဒာမိ။ ။
ကဗျာဥာဏ်သိ စာမရှိ။ ။

         မင်းကြည်ညို
 

"လှည့်ကြည့်ပါလား"


တစ်ပွဲတစ်လမ်း
အကဲစမ်းပြီးတော့ မချစ်ပါရစေနဲ့
အသဲပန်းလေး မနွမ်းရစ်ပဲ
မခွဲတမ်းအမြဲ ချစ်ပါရစေလားသခင်။

သခင်သိအောင်ပြောပြ
ကျေးစေလိုကစေပါ့မယ်
တေးလိုချွေရ ချွေပါရစေပေါ့
အချစ်မှာ ကဗျာမဖွဲ့သာလို့
သစ္စာ ကဗျာအဖွဲ့ကိုပဲ
လှစ်ကာ အသာဝဲပါ၏သခင်။

သခင်လိုက ခေါ်
သခင်ခေါ်က ထူး
မောင်အချစ်ရူးပဲ ပြောပြော
ရင်မှာ စောဒကမတက်ပါဘူး၊
သြချပြီးချစ်ခဲ့တဲ့အချစ်
အပြစ်ဖွဲ့မုန်းစကား
တစ်ဖက်လှည့်အငြှိုးများလဲ မထားခဲ့ပါလား။

ခွဲရမှာပိုကြောက်
လွဲရမှာကို အလိုမရောက်သူမို့
ဘဝကောက် ကံကြမ္မာများကို
ချစ်ကမ္ဘာမှာ ပယ်ရှားရင်း
မောင့်မှာ မကြုံပါရစေသား
သခင်ရယ်...လှည့်ကြည့်ပါလား...။ ။

            မင်းကြည်ညို

"နွေဦးမျှော် နန်းဆီသို့"


နွေဦးအာကာ
ဝဠာတစ်ခွင်
တိမ်လျှင်မို့မို့
မြူခိုးတို့လဲ
ရစ်ရစ်ဝဲလျှက်
ကျေးငှက်လဲမြူး
လေရူးလဲဝှေ့
ခြောက်သွေ့ရွက်ဝါ
လေမှာပျံသော်
လွမ်းရော်တမ်းတ
ပြည်ကြီးမြနန်း
မှန်းဆလွမ်းသည်
သွယ်တန်းမျက်ရည် မခမ်းတည်း။ ။
 
                မင်းကြည်ညို


"ဆင်ခြင်စရာ လူတို့ရွာ"

လောကလူ့ရွာ၊ နေသောခါဝယ်
လိမ္မာသိမ်မွေ့၊ ကျင့်အလေ့ကို
နေ့ညဉ့်ခါခါ၊ ပြုကျင့်စွာ၍
ဂါရဝဓမ္မ၊ နိဝါတကို
မြဲစွာပြုမူ၊ သက်ဆုံးယူသော်
နတ်လူချစ်ခင်၊ သူတော်စင်ဟု
မည်တွင်ကျန်ရစ်၊ သမိုင်းခြစ်၏
လူညစ်ဆိုးသွမ်း၊ လူ့မိုက်ရမ်းကား
ရွှေနန်းပမာ၊ များဥစ္စာလည်း
ဗာလသမုတ်၊ သညာထုတ်၍
ယုတ်စွမလျော်၊ မသူတော်ဟု
ခေါ်ဝေါပညတ်၊ လူနတ်မကြိုက်
ပါယ်လားခိုက်သည်၊ စရိုက်ဒုသု
ဆင်ခြင်ပြုလော့။   ။


            မင်းကြည်ညို

"ကဗျာရေးပါဦးမေရယ်"


မောင့်ကိုရည်ဖွဲ့
ကဗျာနွဲ့နှင့်
နယ်ချဲ့မေတ္တာ
ချိုသာတေးဆို
မှောင်မိုက်အိုခိုက် ဒီညဉ့်၌ကွယ်။

မေ့ရဲ့ကဗျာ
မောင့်ရင်မှာလျှင်
သံစဉ်ချိုမြ
ကြည်သာလှမို့
နားဝမှာပျော် ညဥ့်ကိုကျော်ပြီ။

ချစ်သူချော့တေး
မေကရေးပြီ
အတွေးမောင်က
ချစ်သူလှကို
ယုယပိုက်ထွေး ကြင်နာပေးမယ်။

ညကငြိမ်သက်
မှေးမစက်မှီ
နုညက်တေးလွှာ
မေ့ကဗျာကို
ရင်မှာသိမ်းပိုက် လွန်နှစ်ခြိုက်၍။

ချစ်တဲ့မေရေ
ကဗျာစေသလား။
ချစ်တဲ့သူရေ
တေးတွေစေသလား။

မောင့်နှလုံးသား
ရင်ခွင်ကြားမှာ
သက်ထားမောင့်ချစ်
ကျူးသံလှစ်ကို
မောင်ချစ်လှစွာ
နားထောင်ပါမည်
သဲညှာကဗျာ ရေးပါဦးမေ...ရယ်.....။ ။

               မင်းကြည်ညို
 

သက်ထားသိစေ - ၂


အိပ်မပျော်သော
ညဉ့်နက်တောဝယ်
တွေးမြောစိတ်စဉ်
ဘယ့်ကြောင့်လျှင်ဟု
ဆင်ခြင်သောခါ
သဲကညာကို
မြင်လာသောကြောင့် အိပ်မဖြောင့်။


ချစ်သောသက်ထား
သူ့စကားတို့
ကြားယောင်မိဆဲ
တွေးတွင်ဝဲသည်
နားထဲသံစဉ် ချိုမြဲပင်။


ကြင်သူတမ်းတ
ညဉ့်ဒီညတို့
ဘယ်မျှမဆုံး
မောင့်ခေါင်းအုံးဝယ်
ရွဲလုံးငယ်မျှ
မျက်ရည်ခသည်
သဲမှသက်ထား သိစေသော်ဝ်။ ။
မြဲလှချက်ပွား ချစ်တွေနော်။ ။

            မင်းကြည်ညို
 

"သခင့်ပန်း"


ပွင့်လေသမျှကတော့
ရင့်ကြွေကျရမှာပဲ သခင်
မပွင့်ပါရစေနဲ့လို့တော့
မဖွင့်ဟပါရစေနဲ့။

ပန်းအလှ ပန်းဘဝက
နန်းတစ်မျှ ဆန်ဝံ့သူပါ သခင်။

သခင်လိုတော့ချူ
သခင်ယူပြီးနမ်း
သခင်လှမ်းတော့ယိမ်း
တစ်သွေမတိမ်း လိုက်နာခဲ့သူပါ။

ရင့်လို့ပဲကြွေကြွေ
ခွေခွေပဲနွမ်းနွမ်း
ပန်းဆိုတာ သဘာဝ
ပွင့်နေစဉ်ခဏ
မြေမခခင်မှာတော့
သခင့်အလိုကျ
(သခင်ရယ်....)
ပန်းပွင့်ပါရစေသား....။ ။


မင်းကြည်ညို

"မောင့်အနား"


ဖြူသွယ်နွဲ့ပျော့ပြောင်း
ဖော့ဖယောင်း လက်တစ်စုံ
သူ့လည်တိုင် မှီတွယ်ချိတ်လို့၊
တိတ်တိတ် ..ရင်ခုန်။

အကြည့်ချင်းရယ် ဆုံ
ယုံကြည်မယ့် ရင်စကား၊
နှုတ်ခမ်းလွှာ နှစ်ဖြာအပ်
နမ်း ..ဆက် မှာကြား။

ထားခဲ့နဲ့ ချစ်သူမောင်
ပျို့စိတ်မှာ အိပ်မက်ပါလည်း
တကယ်ပင် ထင်ခါမှတ်
ထပ်ထပ်ကယ် ယောင်။

လရိပ်မှောင် ...
ညကြယ်ရောင် ငွေအဆင်း
မောင်နဲ့မေ သစ္စာပြုပါမှ၊
သော်တာဆောင် ကောင်းကင်ထက်
ဝင်းလက် ထိန်လင်း။ ။


နန်းအသင်္ခယာ

(အိပ်မပျော်တော့ .. ရှေးတုန်းက ကဗျာလေးတွေအကြောင်း စဉ်းစားမိပါ
တယ်။ အဲဒီ့နောက်မှာတော့ ရေးခဲ့ဖူးတဲ့ ရှေးဆန်ဆန် ကာရန်ကဗျာလေးတစ်
ပုဒ်ကို သတိရမိတယ်။ ကျမ စာဖတ်ပရိသတ်တွေထဲမှာ မော်ဒန်ကဗျာတွေကို
နှစ်သက်သူတွေရှိသလို၊ သိမ်သိမ်မွေ့မွေ့ ရိုးရာဟန်ကဗျာလေးတွေကိုလည်း
နှစ်သက်သူတွေရှိတာမို့ ... ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ် ...။
အားလုံး ...မင်္ဂလာညချမ်းဖြစ်ပါစေ ....။ )

ချစ်သူအတွက်


ချစ်သူ
ငါနာမည်လဲ မကြီးချင်ဘူး။
ဂုဏ်တွေလဲ မလိုချင်ဘူး။
ပိုက်ဆံတွေလဲ မရှိရှိ။
အချစ်ရဲ့သစ္စာတရားနဲ့
မေတ္တာတရားတွေပွားပြီး
အချစ်ရဲ့ ငြိမ်းချမ်းခြင်း
ပန်းတစ်ခင်းနဲ့အချစ်အိမ်
မီးမှိန်ချင်ရင် မှိန်ပါစေပါ ချစ်သူ။

ချစ်သူ
ကြည်ကြည်ဖြူဖြူနဲ့
ရင်ခုန်သံတွေထပ်တူဖွဲ့
ရနံ့သဲ့လေပြေရှိုက်
ပန်းကလေးတွေ ဦးခိုက်တဲ့လမ်း
တောလမ်းကြမ်းလေးဖြစ်နေပါစေ
မောင်ပွေ့ချီလို့ ခေါ်မယ်လေ။

ချစ်သူ
အပြစ်ယူဖို့ဆိုတာရှိဦးမလား
လျစ်လျူရှုဖို့တောင် မောင့်ရင်ထဲမှာ မထားဘူး။
ဆွဲကိုင်ထားတဲ့ ချစ်သူ့လက်
ဖွဖွလေးဆုပ်လို့ အားအသစ်တွေ
ဆက်စေမယ် ချစ်သူ။

              မင်းကြည်ညို
 

Photo: ချစ်သူအတွက်


ချစ်သူ 
ငါနာမည်လဲ မကြီးချင်ဘူး။
ဂုဏ်တွေလဲ မလိုချင်ဘူး။
ပိုက်ဆံတွေလဲ မရှိရှိ။
အချစ်ရဲ့သစ္စာတရားနဲ့
မေတ္တာတရားတွေပွားပြီး
အချစ်ရဲ့ ငြိမ်းချမ်းခြင်း
ပန်းတစ်ခင်းနဲ့အချစ်အိမ်
မီးမှိန်ချင်ရင် မှိန်ပါစေပါ ချစ်သူ။

ချစ်သူ
ကြည်ကြည်ဖြူဖြူနဲ့
ရင်ခုန်သံတွေထပ်တူဖွဲ့
ရနံ့သဲ့လေပြေရှိုက်
ပန်းကလေးတွေ ဦးခိုက်တဲ့လမ်း
တောလမ်းကြမ်းလေးဖြစ်နေပါစေ
မောင်ပွေ့ချီလို့ ခေါ်မယ်လေ။

ချစ်သူ
အပြစ်ယူဖို့ဆိုတာရှိဦးမလား
လျစ်လျူရှုဖို့တောင် မောင့်ရင်ထဲမှာ မထားဘူး။
ဆွဲကိုင်ထားတဲ့ ချစ်သူ့လက်
ဖွဖွလေးဆုပ်လို့ အားအသစ်တွေ
ဆက်စေမယ် ချစ်သူ။



မင်းကြည်ညို

ပန်းဓလေ့ - ၆


ဆောင်းမှာပဲဖူးဖူး
နွေဦးထဲပွင့်ပွင့်
မိုးဆင့်ကဲရွာရွာ
ပန်းဆိုတာပွင့်လာမှာပဲ။


ဖြူဖြူမည်းမည်း
ဆင်းရဲချမ်းသာ
သူငါမရွေးပဲ
ရနံ့ဖြာဖြာပေးလို့
ပန်းလေးဓလေ့ ဆိုတာက
လှမြဲပမြဲ….တဲ့။ ။

       မင်းကြည်ညို
 

"ရင်မှာတောင်းသောဆု"


ရှိသမျှဝဋ်တွေ
ကျေပါစေလို့
အစိန္တေယျ... အစိန္တေယျ အစနဲ့
မြတ်ဗုဒ္ဓရဲ့ ခြေတော်ကိုခပြီး
ဆုတောင်းရပြီသခင်။

ပြုသမျှကောင်းမှု
အစုစုကိုရည်ပြီး
ခုဘဝကစလို့
နောင်ဘဝတို့ ရှိခဲ့လျှင်
သစ်ပင်ဖြစ်ရင်တောင်မှ
အမြစ်တွေ မပြတ်ပါစေသားသခင်။

မဆိတ်သုဉ်းတဲ့မေတ္တာ
သစ္စာရဲ့အရိပ်နဲ့
အထိတ်တလန့် အမုန်းများ
ဖုံးမသွားပဲ ချစ်ပါရစေသားသခင်။

မချစ်တဲ့သူနဲ့နီး
ချစ်တဲ့သူနဲ့ အဝေးကြီးမဖြစ်ပါရစေသား။

ချစ်သူချစ်လျှက်နဲ့
ပြစ်မယူမုန်းမစွက်ပဲ
တစ်ရက်ပဲဖြစ်ဖြစ်
တစ်သက်ပဲနေနေ
တစ်မြေစီမဝေးပဲ
အမြဲအတူနေဘဝနဲ့
သခင်ရေ....ဖြစ်ပါရစေသား...။ ။

           မင်းကြည်ညို

"နွေဝင်ဆောင်း နှောင်းသောလွမ်း"


တောင်လေပြန်ဆော်
နွေလဲအော်ပြီ
ရာသီရွေ့ပြောင်း
ချစ်ဟောင်းနွဲ့ခင်
တမင်မေ့နိုင် ပါ့မည်လား။

ဆောင်းကြွင်းနှင်းရိပ်
လေကိုမွှေ့သော်
ခက်ရော်ဝါရွက်
ဆင်းသက်မြေဝယ်
ဖြေဆည်မဲ့ကင်း ပါပြီလား။

ဒီဆောင်းနှင်းများ
ခင်းကျင်းထားချင်
မောင့်ရင်နှလုံး
မြူဖုံးပါစေ
ဆောင်းရေဖြစ်နိုင် ပါ့မည်လား။

နွေလဲနွေပဲ
ကဲကိုကဲတယ်
ဆောင်းပြယ်စစ
နှင်းကျသည့်တိုင်
ပြိုင်ဆိုင်လေဝှေ့ ပါပြီလား။

ဆောင်းလဲဆောင်းနှင်း
နွေကိုတင်းပြီ
ဖြူကြည်နှင်းပေါက်
သွေ့ခြောက်ရွက်သို့
စိုစို့တွယ်ကပ် ပါပြီလား။

ကြင်သူကဖယ်
မြူကတွယ်ရစ်
နွေသစ်ကလဲ
ဖြေခဲအလွမ်း
ပိုလို့လွှမ်းသည်
ဆောင်းဆီငဲ့ပြေး
မြင်ယောင်သေးတော့
ဖော်ဝေးနွေငှက်
ရတက်ပွေဟန်
ဂိမှာန်သူ့အား သယ်ပြီလား။ ။
ဟေမာန်နွေအား ပြိုင်တာလား။ ။



မင်းကြည်ညို

ညီမလေး..သို့..( ၃ )


သစ္စာကို ဝေရာမဏိ
လုပ်တဲ့သူတွေရှိတဲ့လောက
သာယာပါ့မလားညီမရဲ့။

ရှင်းပြမှနားလည်
ထောက်ပြမှသူတို့သိ
လုပ်တဲ့သူတွေရှိတဲ့လောက
ရွှင်ပျပါ့မလား ညီမရဲ့။

ကိုယ့်အတွေးကိုယ့်အရေး
မာနကလေးသွေးပြီး
အရေးကြီးလည်း သွေးမနီးတဲ့လောက
စည်းလုံးပါ့မလားညီမရဲ့။

ငါကအသိဆုံး
ငါအရှိဆုံးတွေနဲ့
ငါအဆုံးစွန်မိုက်
သူတို့နေတဲ့အသိုက်က
လေတိုက်ရင်တောင် ပြိုကျမှာ၊
အကျနာမှ အမိတ
အမယ်လေးဗျ
ကယ်ပါဘုရာ့ဆိုပြီး
ချွေးတဒီးဒီးနဲ့ နီးရာဒူးပြေးဖက်
ကသုတ်ကယက် သူတို့မရှက်ကြဘူးညီမရေ့။

ခက်တော့ခက်တယ်ကွယ့်
စကတည်းက ဘဝအလှ
ခက်ထန်မှုတွေနဲ့ခြယ်သပြီး
သူတို့ကိုယ်သူတို့ ရှုမငြီးပေါ့၊
ပွဲပြီးတော့ ဘာကျန်လဲ
အမှိုက်တွေက ပွလန်ကြဲနဲ့
ဘဝကို ရသလို့ဆင်
မာနရှင်ပြာကျခမ်းမှာ
ကြည့်စမ်းပါဦးညီမရေ့..
ဘဝတစ်ကွေ့ လေမှာဝေ့
ပြာကလေးတွေကြား တမြေ့မြေ့
ညီမလေးရေ မြင်လားဟေ့။ ။

          မင်းကြည်ညို

"ချစ်သူကြားစေ"


အချစ်ရဲ့သစ္စာတရားကြောင့်
မောင့်ရဲ့ မေတ္တာတရားတို့သည်
ကမ္ဘာခြားသည်ဟူ၍မရှိပြီ။

အဏ္ဏဝါပင်လယ်ရဲ့
တွင်ကျယ်တဲ့ရေပြင်နှယ်
ရင်ထဲကမေတ္တာရေက
နွေတစ်ရာမက
ကန္တာတစ်ထောင်မျှပင်ပူလဲ
မခမ်းပဲ အပြည့်ရှိနေသည်။

ချစ်ပါတယ်မေ
သိအောင်လို့မောင်တေးစေပြီ။

မေတ္တာပါတဲ့မိုးမှာ
အချစ်သစ္စာရွာစေပြီပေါ့၊
အကြင်နာလေပြေ
ညင်သာစွာခြွေရင်း
ကမ္ဘာ ကမ္ဘာအဝေးကနေ
မကြာ မကြာ တောင်းဆုချွေမိတာက
နှစ်တစ်ရာမက အသဲမှာ
ရစ်ပါလှ စွဲနှောင်မိပါကြောင်း၊
မိုးလေပြေပေါင်းလို့
ထပ်လောင်းဆိုချင်တာကလေ
မဟောင်းတဲ့အချစ်ရေ
နှောင်းတယ်ဆိုတဲ့စကားတွေအစား
ပြောင်းတယ်မရှိ တိုးတိုးပြီးချစ်မိတာကိုတော့
မင်းကြားစေသား... မင်းကြားစေသား.....။ ။

                မင်းကြည်ညို

မကြွေစေချင်


ကြွေမှဝေရမယ်ဆိုရင်
သစ်ရွက်ကလေးတွေ
မကြွေပါစေနဲ့နွေ။

ခြွေမှဝေရမယ်ဆိုရင်
ပန်းပွင့်ကလေးတွေ
မခြွေပါစေနဲ့လေ။

မကြွေပဲနေ
ရှိပါစေတော့
မဝေတော့ပဲ
အမြဲတွဲယှဉ်
ကိုင်းညှာရင်ဝယ်
ခင်တွယ်ရစ်ချင်
သံယောဇဉ်ကြောင့်
သစ်ပင်အတွေး
ပန်းပင်လေးတို့
ကြွေရေးကြောက်ပေ နွေနဲ့လေ။ ။
ဝေရေးဖျောက်ဖြေ ရှိပါစေ။ ။

           မင်းကြည်ညို

ပုံကိုတော့ ဂိုဂယ်လ်ကပဲယူပါသည်။

ဝေးလည်းချစ်မယ်


အလင်းမဲ့သော
ဆောင်းနှင်းတောထဲဝယ်
ငေးမောစောင့်မျှော်ပေမယ့်
ပေါ်မလာခဲ့သော ချစ်သူ။

နှင်းတွေတစ်ဖြိုက်ဖြိုက်
အရှိုက်ဖြိုခွဲသလို
လေအရိုက်မှာ ကိုယ့်အသဲနာကျင်
မင်းမလာချင်တော့ဘူးဆိုတာ
ကြင်နာနေလျှက်သိလိုက်ပြီ။

ဆောင်းမှာခြွေသော
ရွက်ကြွေတောထဲဝယ်
လေမျောလွင့်ပါပေမယ့်
ချစ်သူခေါ်သံအလာကို နားစွင့်နေခဲ့ပါသောကိုယ်။

ရွက်တွေကြွေခိုက်
ချစ်သူခေါ်လိုက်သလို
ဂရုတစ်စိုက် မောင့်ရင်ထဲကကြားလျှင်
မောင့်ရဲ့နားက မင်းမဟုတ်ဘူးဆိုတာ
ကြင်နာနေလျှက်သိလိုက်ပြီ။

ချစ်လူမိုက်က ကိုယ်ပါ
ရင်နာစေတာမျိုးတောင်
အကြင်နာတစ်ဖြည်းဖြည်းတိုးလို့
မခို့တရို့မရဲတရဲ
ချစ်မြဲချစ်ဆဲ ဘဝထဲပေါ့။

ချစ်သူရှောင်ခွါပြေးပေမယ့်
ပြစ်မယူနှောင်စွာတွေးရစ်ပြီး
အဝေး အဝေး တရေးရေးဝေးပေမယ့်
အဆွေး အဆွေး တမ်းတမ်းတတဆွေးနေရင်း
ခြေလှမ်းခြင်းတွေဆန့်ကျင်သွားလဲ
အထီးကျန်ညတွေ သက်သေဆွဲပြီး
အချစ်ရယ်....
မောင်က ချစ်နေဆဲပါကွယ်။ ။


                မင်းကြည်ညို

စိန်ခေါ်သံ


ဒီမှာမရဏ
ငါမနုဿပါ
သေပြပါ့မယ်
မင်းမရယ်နဲ့
မှတ်ဖွယ်အနိစ္စ
လက်ခံရလို့
ဘဝခန္ဓာ
ရတတ်လာရင်
ကြွေမှာမလွဲ သေမှာပဲဟဲ့။ ။


   မင်းကြည်ညို

"ဆောင်းအတိတ်"


ဆောင်းရဲ့တိတ်ဆိတ်
သန်းခေါင်ရိပ်မှာ
ကြိတ်မှိတ်ရှိုက်သံ သဲ့သဲ့ညံ။


ဆောင်းချစ်သူလှမ်း
သန်းခေါင်းလမ်းမှာ
စမ်းတဝါးဝါး ခြေလှမ်းများ။


ဆောင်းအေးစက်မှု
အန်ကိုတုပြီး
ယုယနောက်ဆုံး ချစ်သူ့ပြုံး။


ဆောင်းခိုသောငှက်
ရုတ်တရက်လျှင်
နှုတ်ဆက်ထပြန် ကြေကွဲဟန်။


ဆောင်းလေအေးအေး
ရင်ကိုသွေးခဲ
နွေးထွေးမဲ့ပျောက်
ညရိပ်အောက်ဝယ်
လျှောက်လှမ်းဆန့်ကျင်
ချစ်သူ့ရင်မှ
တမင်(ခင်လေး)ရုန်းထွက် ခဲ့ပြီကော။


ဆောင်းတံတားအို
နှင်းများပြိုခိုက်
လွမ်းပိုဆွေးလျှက် အတိတ်ရက်။ ။
နွမ်းငိုကြွေးလျှက် အအိပ်ခက်။ ။





မင်းကြည်ညို

နွဲ့ချင်ဦးမလား

"နွဲ့ချင်ဦးမလား"

လှေကလေးရယ်ငယ်
ရေပြင်ကျယ်ဒီလမ်း
မာယာကြွယ် ကိုရွှေလှိုင်းနဲ့
ယှဉ်နှိုင်းကာလှမ်း။

ငှက်ကလေးရယ်ငယ်
လေပြင်ဝယ်ပျံသန်း
လေကြမ်းနီ ကိုမုန်တိုင်းကို
ယှဉ်နှိုင်းကာသန်း။

  "သမုဒယပင်လယ်

 ရေပြင်ကျယ်အလား"
  "လူ့လောကပင်လယ်
   ဝေဟင်နှယ်အလား"
   ရေလှိုင်းတပေပေနဲ့

 လေကြမ်းတွေ ဆွေဖွဲ့ထားသမို့ 
 ယှဉ်နှိုင်းပါ မာန်နဲ့အားကို
    နွဲ့ချင်ဦးမလား....။ ။

             မင်းကြည်ညို

“ဇာတ်သမချွေသောဆု”


ပြုံးလျှက်က တစ်ချက်
ငိုလျှက်က တစ်ချီ
စီရရီတွဲက
ဇာတ်သမလို
ဟန်ပြဆိုသည်
ညအိုထဲက ကားချပ်များ။

ကြည်နူးတော့ ပြုံး
သောကဖုံးတော့
ရှုံးပွဲငိုချ
အမိတသည်
ဒုက္ခညချမ်း သဘင်လမ်း။

သြော်....
သံသရာသဘင်ပွဲ
ကံဆရာရှင်အလိုပဲမို့
တစ်ညထဲငို
တစ်ညထဲပြုံး
ညတွေဆုံးချင်ပါတော့၏။ ။

             မင်းကြည်ညို

ဥယျာဉ်မှူး

                                                ဥယျာဉ်မှူး     
 
                                        ပန်းကလေးတွေရောင်စုံပွင့်
                                         ဥယျာဉ်ထဲမှာ ခမ်းနားတင့်။

                                             တဝင့်ဝင့် ငှက်တို့ပျံ
                                            တေးသံသီလို့ စီစီညံ။

                                          လိပ်ပြာဥာဏ်သူ့သဘော
                                      ပန်းကလေးသို့နမ်းချင်ဇော။

                                       လေပြေကလေးယိမ်းပါလျှင်
                                     ပန်းကလေးများကသည့်သွင်။

                                         ရနံ့လွင် ဥယျာဉ်တော
                                     စိတ်မှာကြည်ရွှင် သူ့သဘော။


                                               မင်းကြည်ညို

ငါချစ်ခဲ့ပါတယ်..ချစ်သူ


ငါ မျက်ရည်ကြွေတဲ့ည
ဟိုး...အဝေးက ကြယ်ကလေးတွေက
မှိတ်တုတ် မှိတ်တုတ်.....နဲ့
မကြည့်ရက်စရာ ငါ့အဖြစ်ကို
သူတို့ ငေးနေကြလေရဲ့၊
ငါချစ်ခဲ့ပါတယ် ချစ်သူ။ ။

          မင်းကြည်ညို

အချစ်ဦး


ကြည်ကြည်ဖြူဖြူ


သောကြာကြယ်ကလေးပျောက်
အာရုဏ်အလင်းရောက်မှ
ရင်ခွင်အောက်က အေးစက်နေတာသိတယ်။

အနွေးထွေးဆုံးက ရင်ငွေ့ပါချစ်သူ
အိပ်မက်မှာတောင် ကြည်ကြည်ဖြူဖြူ ပွေ့ဖက်ရင်း
အိပ်စက်ခဲ့တာပါ။

နှစ်သိမ့်ခြင်းတွေ မရပ်ပဲ
တွဲခဲ့တဲ့တို့လက်တွေ
နည်းနည်းမှဖြေမလျှော့ချင်ခဲ့ဘူးဆိုတာမင်းအသိပါ။

လေဝင့်တိုင်းရွက်တွေကြွေရင်
ရွက်တွေဝေဖို့ အချိန်ဆိုတာရှိပါ့ဦးမလား။

ကိုင်းတွေလှုပ်တိုင်း ငှက်ကလေးတွေ ပျံကြမယ်ဆိုရင်
သူတို့နားဖို့အချိန်ရှိပါ့ဦးမလား။

သိလျှက်နဲ့ ခါချဉ်ကောင်ကို နှာခေါင်းထဲထည့်မိမှာပဲ စိုးတာပါ။
ဒါပေမယ့် ငါဟာ ဆဒ္ဒန်ပါချစ်သူ။
မင်းကြည်ဖြူဖိုဆို့ ငါ့အစွယ်တို့ကို
လိုချင်တဲ့အချိန်လာယူပါ။
မုဆိုးလာစရာမလိုပါဘူး။

                     မင်းကြည်ညို

"ငါကဗျာ ငါစာ"



ကျွန်တော် နာမည်ကြီးချင်လို့
ကဗျာရေး....တာ
ကျွန်တော် နာမည်ကြီးချင်လို့
စာရေး...တာ
မာန...မာန မာန်ကစွာ
ဥာဏ ဥာဏ ဥာဏ်ကတစ်ထွာ။

လောက လူ့ရွာ သူသာလျှင်ခရီးပေါက်
အထင်ကြီးရောက်တဲ့သူမှာ
ခရီးမရောက်ခင် လှေပေါက်ပမာလို
ဗျာပိုပင်ပန်း မလန်းမဆန်း
ကြမ်းတမ်းပေမှာ..

သိတတ်ပါ...မြင်တတ်ပါ
ဟောဒီလူ့ရွာ
ငါသာ ငါသာ အရာရာမှာဆိုတာ
မပါလဲဖြစ် မာနမရစ်ဖို့
အနုပညာ...ချစ်လို့
ဖွင့်လှစ်ပေလွှာ....။ ။

      မင်းကြည်ညို

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.