အမှာစာရေးခြင်းနှင့်စာရေးဆရာ


အမှာစာရေးခြင်းအကြောင်းနှင့်စပ်လျဉ်း၍ သတိပြုဆင်ခြင်ရမည့်အချက်များကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်တော်ဖတ်ခဲ့ဖူးသည်။ မည်သူရေးခဲ့သည်ကိုဖြင့် မှတ်ဥာဏ်အားနည်းမှုကြောင့် မမှတ်မိ မသိတော့။ ထိုအထဲတွင်အမှာစာရေးပေးခွင့်ကြုံရသောသူများအနေဖြင့် မိမိရေးပေးရမည့် စာရေးဆရာ၏စာအုပ်တွင် စာပေဝါကျသတ်ပုံမှစ၍ စာရေးသောသူ၏လိုရင်းအဓိပ္ပါယ်နှင့် အကြောင်းအရာတို့ကိုပထမဦးဆုံးခံစားရသောသူများဖြစ်သည်။ သတ်ပုံမှားလျှင်သော်လည်းကောင်း၊ လိုရင်းရောက်ရန်ထက် မလိုအပ်သောအရာများရှိနေသည်ကိုသော်လည်းကောင်း၊ ထိုအမှာစာရေးသူပေါ်တွင် အထူးသတိထားရမည့် အချက်များဖြစ်နေပေသည်။ အမှာစာရေးရုံတင်သာမက (Proof)ပရုဖ်ဖတ်ခြင်းသဘောမျိုးကိုပါ တစ်ပါတည်းလုပ်သွားရန်လိုအပ်ပေသည်။ တစ်နည်းဆိုရသော် ထိုစာအုပ်၏ အယ်ဒီတာသဘောမျိုးပါ မှတ်ယူရပေမည်။ မည့်သည့်စာရေးဆရာမဆို သတ်ပုံဝါကျ အမြဲတမ်းမှန်ကန်နေသည်ဟုမရှိ။ သို့သော် အတတ်နိုင်ဆုံး အထူးသတိထားဆင်ခြင်ရမည့် တာဝန်ရှိနေသည်။ သတ်ပုံမှား၍ အဓိပ္ပါယ်ပါလွဲရသောအဖြစ်မျိုး မကြာခဏဆိုသလို ကြုံတွေ့နေရသည်။ ဤသို့ဆို၍ ဤစာကိုရေးနေသော ကျွန်တော့်ကို ကြီးကျယ်လွန်းသည်ဟု ထင်ချင်လည်းထင်နိုင်သည်။ ကျွန်တော်သည်လည်း မှားခဲ့သောအရာများရှိခဲ့ဖူးပါသည်။ ဂရုစိုက်ရပါသည်။ ကိုယ်ရေးထားသော ကဗျာ၊ဆောင်းပါးများကို အထပ်ထပ်အဖန်ဖန် ပြန်လှန်ဖတ်ရပါသည်။ တစ်ခါတစ်ရံ ချွတ်ချော်လွဲမှားသွားသောအခါ စာဖတ်သူများကို အားနာ၍ မိမိကိုယ်ကိုမိမိလည်း ရှက်မိသည်။ ထိုအမှားကို ကျွန်တော်သိသောအခါ အလျင်အမြန်ပြင်ရပါသည်။ မှတ်ရပါသည်။ ထောက်ပြသောသူ၏ အဆုံးအဖြတ်ကိုလည်း မှန်မမှန်ဆင်ခြင်ရပါသေးသည်။ ထိုအမှားကိုထောက်ပြသောသူများအားလည်း ကျေးဇူးတင်ရပါသည်။

ကျွန်တော်စာဖတ်သောအခါ ထိုစာအုပ်၏ စာလုံးပေါင်းသတ်ပုံမှစ၍ စာရေးသူဘာကိုညွှန်းဆိုရေးသားသနည်းအား တစ်ခါတည်းသတိထား၍ ဖတ်မှတ်သည့်အကျင့်ရှိပါသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းစာရေးဆရာမတစ်ယောက်၏ စာအုပ်တစ်အုပ်ကို သူ့လက်မှတ်ဖြင့် လက်ဆောင်ရရှိခဲ့ပါသည်။ ထိုစာအုပ်တွင် အမှာစာရေးသောစာရေးဆရာမှာ နာမည်ကြီးအထင်ကရ စာရေးဆရာကြီးတစ်ယောက်ဖြစ်သည်။ သူ့အမှာစာသည် ချောမောပြေပြစ်နေပါ၏။ သို့သော် စာရေးဆရာ၏စာအုပ်သည် မည်သို့သောစာပေဖြစ်သနည်း၊ ထိုစာအုပ်က မည်သို့အကျိုးပြုနိုင်သနည်း စသည့်အချက်များ မပါဝင်ပါ။ ထိုသို့တင်မဟုတ် စာရေးဆရာ၏စာအုပ်၌ စာလုံးပေါင်းသတ်ပုံကိုပင်မပြင်ပဲ ပင်ကိုယ်ရေးသူ၏ အနေအထားအတိုင်း ပစ်ထားလိုက်သည်။ စာအုပ်၏အမှာစာ၌မူ စာရေးဆရာအား အောင်မြင်ပါစေကြောင်း ဆုတောင်းပတ္တနာအခါခါ ဆန္ဒပြုထားသည်ကိုသာ ဖတ်ရှုရပေသည်။ ကျွန်တော်စဉ်းစားမိပါသည်။ အဘယ့်ကြောင့်ထိုသို့ ဖြစ်ရသနည်း။ ရှင်းပါသည်။ ထိုအမှာစာရေးသူမှာ စာရေးဆရာ၏စာအုပ်ကိုမဖတ်ပဲ ဝတ်ကျေတန်းကျေသာ အမှာစာရေးခြင်းဖြစ်မည်။ ထိုစာအုပ်ထဲတွင် လုပ်တတ်သည်ဟူသော အသုံးအနှုန်းကို လုပ်တက်သည်ဟုရေးသည်။ ကမ္ဗျည်းမှတ်တမ်းဟူသောအသုံးအနှုန်းကို ကမ္ဗည်းဟုရေးသည်။မလုပ်ဖူးဘူးကို မလုပ်ဘူးဘူးစသည်ဖြင့် တစ်အုပ်လုံး အမှားများစွာ ချာချာလည်နေသည်ကို အနှီအမှာစာရေးသောစာရေးဆရာကြီး သတိမထားမိခြင်းတော့ မဖြစ်တန်ရာ။ ယခုခောတ်ကျွန်တော်တို့ကာလ၌ စာပေကျွမ်းကျင်လိမ္မာသူများအနေဖြင့် ထိုအခြင်းအရာများကို တာဝန်ရှိ တာဝန်သိစိတ်ဓါတ်ဖြင့် ပြုပြင်ပေးရပေမည်။ သို့မဟုတ်လျှင် ထိုအမှားကြီးများအား နောင်လာနောက်သား လူငယ်များ၏ခေါင်းထဲတွင် သံမှိုနှင့်ရိုက်စွဲထားသကဲ့သို့ရှိလျှင် စာပေ၏အန္တရာယ် မည်မျှကြီးမားလာနိုင်သည်ကို မတွေးဝံ့စရာပါပေ။ ဤကိစ္စနှင့်ပတ်သက်၍ ဆရာဂျက် (ကွမ်းခြံကုန်း)၏ လုလင်ဟု ဖတ်တော်မူကြပါရန် ဟူသောဆောင်းပါးကို သတိရမိသည်။ ထိုဆောင်းပါး၌ “လုလင်”မဂ္ဂဇင်းအယ်ဒီတာမှာ ဆရာမထိပ်ထား ဟူ၏။ ထို့ကြောင့်ကလောင်နာမည်အသုံးပြုရာတွင် “ထိပ်ထား(လုလင်)”ဟုကလောင်ယူသုံးသည်ဆိုသည်။ တစ်ခါသော် ဘယ်ကနေဘယ်လိုမှားသည်မသိ မဂ္ဂဇင်းထွက်လာသောအခါ “ထိပ်ထား(လင်လု)”ဟု ထွက်လာရာ အုပ်အုပ်ကျက်ကျက်နှင့် ငိုရမလို ရယ်ရမလိုဖြစ်ခဲ့ရဖူးသည်ဟူ၏။ ထိုသို့သုံးသပ်သော် မည်မျှအရေးပါလှသည်ကို စာဖတ်သူများ တွေးမိကြပေလိမ့်မည်။ ပြင်ဖတ်ပါလိမ့်မယ်ကွာ..ဟု လွယ်လွယ်တွေးလျှင် ခက်ချေရော့မည်။ ထို့ကြောင့် စာလုံးပေါင်းသတ်ပုံနှင့်အဓိပ္ပါယ်များကို လွန်စွာဂရုစိုက်သင့်ပေသည်။ လေ့လာရန်လည်း လိုအပ်လှပေသည်။ ဆရာမ ကပြသဖြင့် ကျွန်တော်တို့ကြည့်ခဲ့ရသည်ကို ဆရာမက ပြသဖြင့် ကျွန်တော်တို့ကြည့်ခဲ့ရသည်ဟူ၍လည်း ပုဒ်စပ် ပုဒ်ဖြတ်မှားသောအမှားများကို ယနေ့စာပေလောကတွင် အကျည်းတန်စွာမြင်တွေ့နေရသည်။ မြန်မာစာပေမြန်မာသဒ္ဒါ၌ သန္ဓိ သမ္ဗန္ဓဟူသော ပုဒ်စပ်ပုဒ်ဖြတ်များကိုလည်း နားလည်သင့်ပေသည်။ စာရေးသော စာရေးဆရာတစ်ယောက်အနေဖြင့် မိမိရေးသောစာကဗျာများတွင် စာလုံးပေါင်းသတ်ပုံမှစ၍ ဝါကျအထားအသို ပုဒ်စပ်ပုဒ်ဖြတ်စသည့်အချက်များကို နေရာတကျမှန်ကန်နေအောင် ဂရုတစိုက်ရေးသားမှသာလျှင် မိမိရေးသောစာသည် စာဖတ်သူများအတွက် အများကြီးအကျိုးမပြုနိုင်လျှင်တောင် အင်အားကောင်းသော စာပေအဖွဲ့အနွဲ့မျိုးဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပဲ မည်မျှပင်အကျိုးပြု ရသစာပေဖြစ်နေစေကာမူ စာဖတ်သူအတွက် စာဖြောင့်ဖြောင့်မဖတ်နိုင်ပဲဖြစ်နေတတ်ပါသည်။ သို့ဖြစ်လျှင် အမှာစာရေးသောဆရာနှင့် စာရေးသောဆရာများ၏ စာပေဂုဏ်သိက္ခာသည် အလိုလိုတန်ဖိုးလျော့သွားမည်မှာမလွဲဧကန်ဖြစ်သည်။ စကားမပီခြင်းထက်၊ စာမပီခြင်းကပြဿနာပိုကြီးသည်။ စကားမပီခြင်းသည် မိမိနှင့်ပြောဆိုနေသောသူများသာသိပြီး စာမပီခြင်းသည် မိမိရှေ့တွင်မှမဟုတ်ပဲ မိမိရေးသောစာအား ဖတ်သောသူတိုင်းကို ဒုက္ခပေးရာရောက်သည်။ မည်မျှထိရောက်လိုက်သနည်းဟူကိုမူ စာဖတ်သူများတွေးတောလျှင် မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် စာရေးသောဆရာများအနေဖြင့် မိမိရေးသောစာကို အပြန်အလှန်ဖတ် အထပ်ထပ်စိစစ် အမှားရှာပြီးမှ စာဖတ်သူသို့ချပြသင့်သည်။ အမှာစာရေးသောဆရာသည်လည်း မိမိရေးမည့်စာအုပ်တွင်စာလုံးပေါင်းသတ်ပုံမှစ၍ ပြင်ဆင်သင့်သည်နှင့် လိုအပ်မလိုအပ်သော နယ်ပယ်အကြောင်းအရာများကိုသုံးသပ်ပြီး စာအုပ်အတွက်အလေးထား ရေးသားရပေမည်။ ထိုမှသာလျှင် မိမိ၏စာပေဂုဏ်ကို မထိခိုက်မည်ဖြစ်သည်။ စာရေးသူက စာအုပ်ထွက်ဖို့အရေး ပိုက်ဆံရဖို့အရေးနှင့် နာမည်ကြီးဖို့အရေးသာလုပ်နေလျှင် စာပေလောက၌ စာရေးဆရာဟူသော အမည်ခံစာရေးဆရာသာဖြစ်ပေလိမ့်မည်။ အမှာစာရေးသူသည်လည်း ထိုနည်းတူစွာပင်။ စာပေချစ်စိတ် မြတ်နိုးစိတ်ဖြင့် အများကောင်းကျိုးမျှော်ကာ မိမိသိထားနားလည်ထားသည့် ဗဟုသုတများကို ဝေငှခြင်းစိတ်ရင်းအမှန် စေတနာအမှန်(ပရဟိတ)ဖြင့်သာ စာပေလောက၌ ရပ်တည်ရာ၏။ သို့မဟုတ်ပါပဲ မိမိအကျိုးစီးပွား(အတ္တဟိတ)တစ်ခုတည်းဖြင့် ရပ်တည်ခြင်းငှာမသင့်။ အမှန်ဆိုရသော် အတ္တဟိတသည် ဖြစ်ဆဲပစ္စုပ္ပန်၌သာ မိမိအတွက်ကျန်၍ ပရဟိတဟူသည်ကား ယခုဘဝတင်မဟုတ်။ မိမိအတွက်နောင်သံသရာအထိပါ ပါနိုင်သော အပြုအမူကိုယ်ကျင့်တရားများဖြစ်ပေသည်။ အားမနာတမ်းဆိုရသော် စာရေးဆရာ စာရေးဆရာမတိုင်းသည်လည်း အကျင့်စာရိတ္တကောင်းသည်မဟုတ်။ ကောင်းသူ မကောင်းသူ ရောထွေးယှက်တင်နေကြသော ပုထုဇဉ်သတ္တဝါများသာဖြစ်ကြပေသည်။ ရှိစေတော့၊ ကျွန်တော်ပြောချင်သော အကြောင်းများထဲတွင် စာပေအပေါ်ရိုသေလေးစား တန်ဖိုးထားလျှက် တာဝန်ရှိ တာဝန်သိစိတ်ဓါတ်ဖြင့် လျှောက်လှမ်းရေးသားနိုင်ကြရန်သာ အရေးကြီးကြောင်းဆိုချင်ပါသည်။

စာဖတ်သူများ စာပေဗဟုသုတ ကြွယ်ဝကြပါစေ။
မင်းကြည်ညို
၁ ၊ ၄ ၊ ၂၀၁၃

“ပေးဆပ်ချစ်သူ”


မင်းလိုသမျှ
မင်းဆန္ဒကို
ကိုကဖြည့်ဆည်း ပေးမှာပါ။

မင်းအလိုကျ
မင်းဘဝကို
ကိုကလိုက်လျော ပေးမှာပါ။

မင်းပျော်ရွှင်စေ
မင်းတွက်နေမို့
ကိုလေဘယ်မျှ
စတေးရလဲ
မင်းကသာယာ
ဖြောင့်ဖြူးမှာဆို
ကိုလေပေးဆပ် နေမှာပါ။ ။


မင်းကြည်ညို

အတိတ်ခြေရာ


တစ်ဆောင်းတစ်နွေ
ပြောင်းပေမယ့်လေ
မဟောင်းပေအသစ်
ပြောင်းမနေအချစ်ရေ...။

စောင့်လှည့်အကြည့်
အတိတ်၏ခြေရာ
ထိတ်ဘိဗွေဖြာ
ဝေဒနာတွေက
ဖြေပါဆိုလဲ
ဖြေနိုင်ခဲပါတယ်လေ...။

ရေတမာပင်အောက်
ခင့်ခြေရာတွေမောင်ကောက်လို့
မပျောက်ပျက်တဲ့ခင့်အရိပ်
မောင့်မျက်ဝန်း တဖျတ်မှိတ်တိုင်း
ရင်ထဲမှာ..
သိပ်သတိရတုန်းပေါ့။

ကြာခဲ့ပါပြီ...ကြာခဲ့ပါပြီကော...
ဟိုး...အရင်အချိန်ကလေးများ
မောင့်နှလုံးသားမှာတွယ်ရစ်
မေ့ပစ်ဖို့သိပ်ခက်
အိပ်ရက်တွေလဲနည်းခဲ့ပြီ။

ခင်ရှိခဲ့တဲ့ရက်
အခုလိုမနက်တွေထဲမှာ
မောင့်လက်ကိုဆွဲ
ခင်အမြဲပြောတဲ့စကား
မောင့်နားမှာကြားယောင်ဆဲ
မောင်နဲ့ လုံးဝမခွဲဘူးပေါ့...တဲ့။

ဒီလိုနဲ့ပဲ ခင်ရယ်..
မကြင်ပဲပြေး
အဝေး...ဝေးကို
ဘယ်အတွေးနဲ့များ
မင်းတွက်သွားသလဲ
မောင့်ရင်ထဲဝယ် ဖြေခက်လေတယ်...။ ။
ခင်ငယ်လေးရယ် ပြောစမ်းပါလားကွယ်...။ ။


မင်းကြည်ညို

"ဒါတွေပြောရင် ဒေါတွေပါတော့မယ်"

၁၀ ၊ ၃ ၊ ၂၀၁၃ တနင်္ဂနွေနေ့
မနက်၁၀နာရီခွဲ ရန်ကုန်သွားဖို့ ကားလက်မှတ်ကို ညကတည်းကဖုန်းဖြင့်လှမ်းမှာတယ်။ ရန်ကုန်ကိုက အလုပ်ကိစ္စနဲ့သွားရမှာပါ။ ညကရွာလူကြီးထောက်ခံစာကိုယူပြီး မြို့မှာရဲစခန်းထောက်ခံစာ လုပ်ရဦးမှာမို့ပါပဲ။ ရွာနဲ့ မြို့နဲ့က ထင်သလောက်ကြီး မဝေးဘူး။ လမ်းတွေကကြမ်းတော့ အစောကြီးသွားရတယ်ဗျ။ အဲဒါမှ အချိန်ကိုက်လောက်ပဲ။ ဒါတောင် ဆိုင်ကယ် ကယ်ရီငှားပြီးပြေးရတာ။ ဆိုတော့ မြို့ကိုရောက်ပြီဆိုရင်ပဲ ရဲစခန်းကိုပြေးရပါတယ်။ ၈ခွဲသာသာလောက်မှာ ရဲစခန်းကို ရောက်ပါတယ်။ ရဲစခန်းကို ရန်ကုန်မန္တလေးလမ်းမကြီးဘက်ကနေ ဝင်ပါတယ်။ ရဲစခန်းထဲမှာ “အလိုတော်ပြည့် ဓမ္မာရုံ”ဆိုတာလေးကိုပါ တအံ့တသြတွေ့ရပါတယ်။ အဲဒါလေးကိုကျော်လွန်ပြီးဝင်သွားရင် အလယ်လောက်မှာ ကုက္ကိုပင်တွေရှိပါတယ်။ ဆိုင်ကယ်တစ်စီးလဲ ရပ်ထားတာတွေ့လို့ ကျွန်တော့်ကယ်ရီသမားကိုလဲ အဲဒီဘေးမှာပဲ ရပ်ခိုင်းလိုက်ပါတယ်။ ဘယ်ဘက်ဘေးမှာ ရဲစခန်းအပေါက်ဝတစ်ခုကိုတွေ့လို့ ဝင်သွားတာပါ။ အပေါက်ဘေးက အချုပ်ခန်းထဲမှာ အမျိုးသမီးတွေချည်း ခြောက်ယောက်လောက်ရှိမယ်ထင်တယ်ဗျ။ အပြင်ဘက်ဘေးမှာ အရပ်ဝတ်ရဲတစ်ယောက်က စောစောစီးစီး ထောင်တန်ရွက်တွေကို လက်နဲ့တစ်ဆုပ်ကိုင်ပြီး ရေတွက်နေတာကိုလဲ တွေ့တယ်။ ဒါနဲ့ပဲ ကျွန်တော်က “အစ်ကို ရဲစခန်းထောက်ခံစာကို ဘယ်မှာရေးလို့ရသလဲ” မေးမိပါတယ်။ ရဲကဘာပြန်ပြောသလဲဆိုတော့ “ဘာလုပ်ဖို့လဲ။ ဘာအတွက်လဲ”ပြန်မေးတော့ ကျွန်တော်ကလဲ “ဟုတ်ကဲ့၊ ရန်ကုန်မှာ အလုပ်ကိစ္စကြောင့်ပါ” လို့ပြန်ဖြေတယ်။ အဲဒီမှာပဲ သူက “အင်းလေ၊ အလုပ်က ဘာလဲ။ ပလပ်စတစ်ကောက်ဖို့လား၊ တောင်းစားဖို့လား” ဆိုပြီးမေးပြန်ပါတယ်။ ကျွန်တော် တော်တော်ဒေါသထွက်မိပါတယ်။ ဒါနဲ့ပဲ “မဟုတ်ပါဘူး၊ စက်ရုံမှာလုပ်ဖို့ပါ” လို့ပြောတော့ ပုံစံ ၆၆ နဲ့ မှတ်ပုံတင်ကို တောင်းပါတယ်။ ကျွန်တော်လဲ ခခယယ ပြောရတာပေါ့။ ကိုယ်က လိုချင်တာကိုး။ “အစ်ကို၊ ပုံစံ၆၆ ကတော့ပါမလာဘူး။ မှတ်ပုံတင်ပဲ ပါတယ်။ လုပ်ပေးလို့ မရဘူးလား။ ကျွန်တော်က နယ်ကလဲ နယ်ကမို့ပါလို့” ညင်ညင်သာသာပြောတာပါ။ ရဲက “မရဘူး၊ သွားပြန်ယူချေ” တဲ့။ ကျွန်တော်က “မှတ်ပုံတင်ပဲ ပါနေပြီ။ မှတ်ပုံတင်ဆိုတာ ပုံစံ ၆၆ ရှိမှလုပ်လို့ရတာ။ ကူညီပါဗျာ” လို့ဆက်ပြောမိတယ်။ ဘာပြန်ပြောတယ်မှတ်လဲ “ဟေ့ကောင် မရဘူးဆို မရဘူး။ ဗမာလိုပြောနေတာ နားမလည်ဘူးလား..တဲ့။ ခက်ရောပေါ့။ လာရတာက အဝေးကြီး။ နေကွာ…။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပြန်လှည့်လာတယ်။ တစ်ချက်တည်းတွေးမိတာက “သြော်… ငါ နိုင်ငံခြားမှာ ဘီအမ် (ဘရန့်ရှ် မန်နေဂျာ) လျှောက်ပြီး လုပ်လာတာ ဘာထောက်ခံစာမှ မပေးရဘူး။ တကယ်လို့များ တို့ဗမာပြည်လိုသာ တောင်းရင်တော့ လေယာဉ်လက်မှတ်ဖိုးနဲ့ ဗမာပြည်ကာစတန်ဂိတ်ဖိုးပေါင်းလိုက်ရင် အသက်ရှင်ဖို့တောင် ရမှာမဟုတ်ဘူးလို့ တွေးမိတယ်ဗျ။ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ။ အဲဒီရဲပြောပုံအရဆိုရင် ပလပ်စတစ်ကောက်လဲ ထောက်ခံစာပါမှ။ သူတောင်းစားလုပ်လဲ ထောက်ခံစာပါမှ ဆိုတဲ့ပုံစံမျိုးဗျ။ ကျွန်တော်လဲ တစ်ခါမှမရောက်ဖူးတဲ့ရဲစခန်း ရောက်သခိုက်လေး ကြည့်ဦးမယ်ဆိုပြီး လျှောက်ကြည့်မိတာပေါ့။ အဲမှာ ရဲစခန်းရဲ့ အဆောင်လေးတစ်နေရာရဲ့ ရှေ့မှာ (သစ္စာ ၊ သမာဓိ ၊ သတ္တိ) ဆိုပြီး ရေးထားတာကို သွားတွေ့တယ်။ ဒေါသထွက်နေတဲ့ကြားကပဲ နှာခေါင်းပါ ရှုံ့မိပါသေးတယ်။ သစ္စာကဘာလဲ သမာဓိကဘာလဲ သတ္တိကဘာလဲ။ နောက်ရှိပါသေးတယ် (ကူညီပါရေစေ)ဆိုတာ။ သွားစမ်းပါ။ ဘာတစ်ခုမှ အသုံးမဝင်တာတွေ။ အဲဒါ ဘယ်ရဲစခန်းလဲဆိုရင် နေပြည်တော်၊ တပ်ကုန်းမြို့က ရဲစခန်းပါ။ စခန်းမှူးနာမည်လေးပါ စုံစမ်းမိသေး။ စခန်းမှူးနာမည်က ဦးလှမိုး…တဲ့။ ပူဇာစ ပူဇနေယျာနံ ထဲထည့်ထားရမလိုပါပဲ။ အဟက်။

                   နေပြည်တော်က သမ္မတကြီးကတော့ အော်ရှာပါတယ်။ အကျင့်ပျက်ဝန်ထမ်း ခြစားဝန်ထမ်း ဘာဝန်ထမ်း ညာဝန်ထမ်းနဲ့။ သူ့အရိပ်အောက်ကဖြစ်တဲ့ တပ်ကုန်းလိုမြို့မှာ ဖြစ်နေတာတွေက စိတ်ပျက်စရာ။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကရော ဒါတွေကို ဘယ်လိုကြပ်မတ်မလဲ။ တွေးစရာတွေ လုပ်စရာတွေ ပြောပါတယ်။ ရဲဝန်ထမ်းတွေက အဂတိလိုက်စားရုံတင်မကဘူး၊ ကိုယ်အမူရာ နှုတ်အမူရာတွေပါ ကြမ်းတမ်းလွန်းနေတာကတော့ လွန်လွန်းတာပေါ့ဗျာ။ ကျွန်တော်ဆီက ကုမ္ပဏီတွေ အလုပ်ရုံတွေကရော တန်ဖိုးနည်းလစာလေး နောက်တစ်မျိုးပြောရရင် မဖြစ်စလောက်လစာလေးနဲ့ ဘွဲ့ရပြီးမှ၊ ဘာဆာတီဖီကိတ်ရှိမှ၊ အတွေ့အကြုံ ဘယ်လောက်ရှိမှ ဆိုတာတွေဟာ မလုပ်သင့်တဲ့ အရာတွေလို့ပဲမြင်ပါတယ်။ ဒီအခက်အခဲတွေဟာ အလုပ်လက်မဲ့မှုတွေ များပြားစေအာင် လုပ်တဲ့နည်းလို့လဲ မြင်ပါတယ်။ ကျွန်တော့်အမြင်ပြောပါတယ်။ နိုင်ငံခြားမှာနေတုန်းက ကျွန်တော့်ဆီမှာ လာအလုပ်လျှောက်တဲ့သူတွေ ဘာတွေကို အထူးသဖြင့် အဓိကထား ဖောင်ဖြည့်ခိုင်းသလဲဆိုရင် အမည်၊ အသက်၊ လုပ်ခဲ့ဖူးတဲ့အလုပ်၊ ကျောင်း ဘယ်နှစ်တန်း၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ တကယ်လို့ အလုပ်မှာ တစ်ခုခုဖြစ်ရင် ဆယ်သွယ်ဖို့ မိဘ သို့မဟုတ် ဆွေမျိုးထဲက တစ်ယောက်ယောက်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် ဒါတွေဖြည့်ပေးလိုက်ရုံပါပဲ။ ဘာထောက်ခံစာမှ မလိုပါဘူး။ ကျွန်တော်တို့ ဗမာပြည်က ပိုကိုပိုပါတယ်။ သူများထက်ထူး နဖူးအဝှာပေါက်သလိုပါပဲ။ ပြောရရင်လဲ ပြောမဆုံးပေါင် တောသုံးတောင်ပါ။ လော်စပီကာကြီး မိုးပေါ်ထောင်ပြီး အဂတိကင်းရမယ်။ ခြစားတာမရှိစေရဘူးနဲ့။ အဲဒီလော်စပီကာထောင်တဲ့တိုင်အရင်းမှာ ခြစားနေတာ အော်တဲ့သူမှ မမြင်ပဲကိုး…။တော်ပါပြီဗျာ.. ဒါတွေပြောရင် ဒေါတွေပါတော့မယ်။

“ငှက်သွင်ပျံကြွမတတ်သော်”


နွေဦးဝင်စ
နှင်းလဲကျ၍
မြူကသိုင်းခြုံ
ဝနာစုံတွင်
နီဟုန်စွေးစွေး
ငှက်ကျေးသာစွ
ရွက်မြေခသော်
မောလျရီဝေ
တိမ်ဦးစေ၍
ကြွေသောရွက်နှင့်
အလွမ်းသင့်လျှက်
မျှော်လင့်သက်ဝေ
တစ်ပါးမြေမှ
နွမ်းခွေသဲလှိုက်
ရင်အရှိုက်ဝယ်
ထိုးစိုက်သဲနု
လဲပြိုလုဖြင့်
ခုလျှင်ခဏ
ချစ်သဲလှထံ
ဝဲပျံရောက်ချင်
စိတ်၌ယှဉ်သည်
ငှက်သွင်ပျံကြွမတတ်သော်ဝ်…။



မင်းကြည်ညို

“အရွယ်လွန် အချစ်”


အလွမ်းသံသရာဖွဲ့
နွမ်းကြမ္မာနွဲ့နဲ့
စခမ်းပြာသာယာမဲ့ပြီး
ခင်ကညာရယ်
တို့တွေ ဇရာဖဲ့ခဲ့ပြီနော်။

ရင့်ရော်အိုမင်း
ပန်းတစ်ပွင့်ညှိုးခြင်းလို၊
တွန့်ကြွေမြေသက်
သစ်ရွက်တစ်ရွက်လို၊
တကယ်ဆိုခန္ဓာပြိုတဲ့ အချိန်ပေါ့။

နုပျိုခြင်းတွေပျောက်
အလှသွေးတွေခမ်းခြောက်ပြီ။

သို့ပေမယ့်ခင်…။
မောင့်အကြင်နာနဲ့
တွယ်မိတဲ့ သံယောဇဉ်က
အစဉ်ထာဝရ နုပျိုနေဆဲ
မဆုံပဲ ခွဲခဲ့ရတယ်ဆိုပေမယ့်
ရင်ခုန်အမြဲ သဲရဲ့နန်းမှာပဲပေါ့…။

ဒီတစ်ခါပြန်တွေ့
ငယ်အနာတွေ တို့မေ့လို့
နှစ်ကိုယ်တွေ့ကြင်ကြင်နာနာ
ညင်ညင်သာသာ ချစ်တေးဖွဲ့
ယုယစွာ အပြစ်မဲ့ပြီး
ယဲ့ယဲ့ကျန်တဲ့ နေညိုချိန်တောင်
မောင်ကတော့လေ…
တကယ်မမှိန်ပဲ
အချစ်အိမ်ကလေး အတူဆောက်ချင်သေးတယ်။ ။



မင်းကြည်ညို

တကယ်သိပြီး တကယ်ထိအောင်မလုပ်သောအရာများ


ရန်ကုန်ကို ရင်ခုန်သည်။ ရင်ခုန်သည်ဆိုသောစကားထက် ရင်တုန်သည်ဟုဆိုရလျှင် ပို၍မှန်ပေမည်။ တက္ကစီမောင်းသော ဒရိုက်ဘာက သွားများနီရဲနေအာင်ဝါးခြင်းဖြင့် မြို့လယ်လမ်းမသော အဝေးပြေးလမ်းမသော သောများမရှောင် ကွမ်းတံတွေးဆောင်ကာ လမ်းကိုဆေးနီဆိုးလေသည်။ မီးပွိုင့်များ၌ မီးအနီပြသော အစိမ်းပြသော သောများမရှောင် ဇောကိုဆောင်ကာ တဝေါဝေါတဝူးဝူးမောင်းတတ်ပါသေး၏။ ဤကား တက္ကစီသမားတင်မဟုတ်ပဲ ဘတ်စ်ကားသမားလဲ သမားရိုးကျဖြစ်စဉ်ဟု ပြောလို့ရမည်ထင်သည်။ သမားရိုးကျလုပ်စဉ်ဟု ထပ်၍ဆိုရလျှင် စာရေးသူပင် လွန်မည်လော။ လွန်မလွန်ကိုမူ စာဖတ်သူများ ဝေဖန်သုံးသပ်ရန်သာ ရှိပေတော့သည်။
စာရေးသူတို့မြန်မာနိုင်ငံသည် လက်ရှိအခြေနေတွင် နိုင်ငံ၏နိုးထခြင်း အစဟုဆိုရမည်။ နှစ်ပေါင်းငါးဆယ်ကျော်မျှသော အချိန်တို့သည် မြန်မာနိုင်ငံအတွက် အစစအကျည်းတန်၍ အထီးကျန်နေခဲ့ရ၏။ အဘယ့်ကြောင့်နည်း။ ရှင်းပါ၏။ ပထမဆုံးအာဏာဆုတ်ကိုင်မှု တစ်နည်းဆိုရသော် အာဏာမက်မောမှု အားကြီးသော နိုင်ငံ့ခေါင်းဆောင်လုပ်သူများကို လက်ညှိုးထိုးရပေမည်။ နိုင်ငံအုပ်ချုပ်ခေါင်းဆောင်လုပ်သူတို့ အသုံးမကျမှု ကိုယ်ကျိုးသာလျှင်ကြည့်တတ်မှုတို့ကြောင့် နိုင်ငံသည်ထင်သလောက် ခရီးမရောက်ဖြစ်ရသည်။ နိုင်ငံ့ခေါင်းဆောင်လုပ်သူသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းတွေ့ကြုံနေရသည်မှာငြင်းဖွယ်မရှိ။ ထိုသို့ထိပ်တိုက်ရင်ဆိုင်နေရသော နိုင်ငံတကာ၏အလယ်တွင် နိုင်ငံ့ခေါင်းဆောင်လုပ်သူများသည် အခြားအခြားသောနိုင်ငံများနှင့် ရင်ဆိုင်ရချိန်တွင် ၄င်းတို့နိုင်ငံတွင်းပြည်သူများအပေါ် နိုင်ငံခြားဗဟုသုတများအတွက် မျက်စိပိတ် နားပိတ်လုပ်ခဲ့ကြသည်။ ထို့ကြောင့် အာဏာမက်မောသောသူများကို ဦးစွာပထမ လက်ညှိုးထိုးပြရခြင်းဖြစ်လေသည်။ ထို့နောက် မည်သူကျန်ဦးမည်နည်း။ ပြည်သူပင်ဖြစ်သည်။ ပြည်သူကိုဘာ့ကြောင့် ဆွဲထည့်ရသနည်း။ ရှင်းပါမည်။ မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် လွန်စွာအစဉ်အလာကြီးသည်ကား မှန်ပါ၏။ သို့သော် ထိုအစဉ်အလာကြီးသော လူမျိုးများသည် အထည်ကြီး အခေါက်ပျက်သဖွယ်ဖြစ်နေပေသည်။ ရှေးကမည်မျှပင် ထည်ဝါခဲ့သည်၊ ဝင့်မော်ခဲ့သည်၊ စသည်တို့ကို ဖွင့်ဖော်နေမည့်အစား လက်ရှိအခြေနေတွင် စာရေးသူတို့ မြန်မာနိုင်ငံသားများ၏ တစ်ဦးချင်း အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလဲမှသာ နိုင်ငံသည် နိုင်ငံတကာအဆင့်ကိုမှီနိုင်ရန် အိပ်မက်မက်နိုင်ပေမည်။ မြန်မာလူမျိုးအများစုမှာ ထေရဝါဒအရ ကိုယ်ကျင့်သီလကို နားလည်ထားကြသည်။ သို့သော် ထိုကိုယ်ကျင့်သီလသည် မြန်မာလူမျိုးများအတွက် ဘုရားကျောင်းကန်များသွားမှသာ ကျင့်ကောင်းရာ၏ဟု မှတ်ထင်ကုန်သည်ထင်ပါ၏။ ထေရဝါဒသည် ဒစ်ပလင်းကောင်းသော ဘာသာတစ်ရပ်ဖြစ်၏။ ဒီကနေ့ ကမ္ဘာပေါ်တွင် စည်းကမ်းအကောင်းဆုံး ဘာသာကိုပြရပါမည်ဆိုလျှင် စာရေးသူတို့၏ ထေရဝါဒဗုဒ္ဓဘာသာပင်ဖြစ်လေသည်။ ထိုသို့ အကောင်းဆုံးဘာသာ၏အောက်တွင် စာရေးသူတို့မြန်မာနိုင်ငံသားများ အဘယ်ကြောင့် ယခုလိုဖြစ်နေရသနည်း။ နံပါတ်တစ် အစဉ်အလာကြီးခဲ့သည်ကိုသာယာ၍ လက်ရှိအခြေနေ၌ ပေါ့လျော့စွာနေခဲ့ခြင်း၊(တစ်နည်း) နိုင်ငံကြီးသားဟု ခံယူလျှက် အရာရာကို ဂရုမစိုက်ခြင်း၊စိတ်ကြီးဝင်ခြင်းများ စိုးမိုးနေခြင်းကြောင့်ဟု ပြောနိုင်သည်။ မဖြစ်သင့်သော အရာများဖြစ်ပြီး အထူးဆင်ခြင်ဂရုစိုက်စရာ အချက်များဖြစ်ပေသည်။
နိုင်ငံ့ခေါင်းဆောင်များအနေအထားဘက်ကို တစ်ဖန်ပြန်၍ ကြည့်ရပါလျှင်မူ လိုင်းကား(ဘတ်စ်ကား) တက္ကစီများကို စည်းစနစ်ကောင်းကောင်းဖြင့် သေချာစွာ ပြေးစွဲစေပြီး တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် ထမ်းသိမ်းသင့်သလို လမ်းတံတားများကိုလည်း နိုင်ငံတကာစံမှီ ပြုလုပ်ပေးမှသာ မျက်နှာမငယ်ရပေမည်။ ထိုတင်မက လမ်းတံတား အဆင်ပြေချောမွေ့ကြောင့် Transport and Delivery လွယ်ကူထိရောက်မှုကို တစ်ပါတည်း အကျိုးခံစားနိုင်သည်ဟု စာဖတ်သူတိုင်း သိပြီးဖြစ်ပေလိမ့်မည်။ ၂၀၁၂ခုနှစ် နှောင်းပိုင်းကာလ ဒီဇင်ဘာတွင် စာရေးသူ၏ နိုင်ငံခြားသူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံသို့ အလည်လာရောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံတွင် သူကြုံတွေ့ခဲ့ရသော အခက်အခဲတစ်ချို့ကို ပြောပြခဲ့သည်။ စာရေးသူလဲ အသာလေးငြိမ်ကာ နားထောင်နေမိသည်။ ကျိုက်ထီးရိုးစေတီသို့ သွားရောက်ဖူးမျှော်ရာ ဟိုတယ်တွင် သူစီးသောဖိနပ် ပျောက်ဆုံးခဲ့လေသည်။ တောင်ပေါ်သို့အတက် ကားခကို နိုင်ငံသားနှင့် တန်းတူညီမျှမဟုတ်ပဲ Extra Pay ( Under table money) ပုံစံဖြင့် တိုးတိုးတိတ်တိတ် ထပ်တောင်းသည် ဟူ၏။ နိုင်ငံတော်အစိုးရအနေဖြင့် Bus System ကိုကိုင်တွယ်ရာတွင် ညံ့ဖျင်းနေသေးကြောင်း ထောက်ပြသည်။ ဤအဖြစ်အပျက်မှာ ကျိုက်ထီးရိုးတစ်နေရာထဲတွင်မဟုတ်ပဲ ကျိုက်ထီရိုးမှ မန္တလေးအသွား မန္တလေးမှ ရန်ကုန်အပြန် တစ်ပုံစံတည်းဖြစ်နေသည်ကို သူ့အနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်း ပြောသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ဆက်သွယ်ကူးသန်းရေး ဆိုးနေသေးသည်မှာ ငြင်းဖွယ်ရာမရှိကြောင်း သူကဆက်ပြောသည်။ စာရေးသူက ငြိမ်၍သာ နားထောင်နေရသည်။ သို့သော် ကျိုက်ထီးရိုးစေတီကို ဖူးမျှော်ရသည်မှာ ဖူးမဝနိုင်ဖြစ်ရကြောင်း၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ကို လွန်စွာမှပင်နှစ်သက်မိကြောင်း၊ ဥိးပိန်တံတားပေါ်တွင် လမ်းလျှောက်၍ လေညင်းခံရသည်မှာ အရသာရှိလှကြောင်း အမွှန်းတင်ပြောဆိုသွားလေသည်။ စာရေးသူလဲ “အင်း…တော်မှတော်သေးရဲ့။ ကောင်းတာလေးတွေ ပါပေသေးလို့” ဟုစိတ်ထဲမှ ရေရွတ်နေမိသည်။ အမှန်ဆိုရသော် ထိုသူငယ်ချင်းပြောသွားသည်မှာ ငြင်းမရသောအဖြစ် ဖြစ်၏။ စာရေးသူတို့ မြန်မာနိုင်ငံသည် ဘတ်စ်ကားနှင့် ဒရိုက်ဘာ စပယ်ယာများ၏ အမူအကျင့်တွင် စနစ်တကျ တည်ငြိမ်ယဉ်ကျေးမှုမရှိခြင်း၊ ဘတ်စ်ကုမ္ပဏီများအနေဖြင့် ခရီးသည်များ အဆင်ပြေ စိတ်ချမ်းမြေ့မှုရှိနိုင်စေရန် ဝန်ဆောင်မှုအားနည်းခြင်း၊ ဘတ်စ်ကားများ လုံလောက်မှုမရှိခြင်းကြောင့် ခရီးသည်များ ပြွတ်သိပ်ညပ်သည်းခြင်း၊ ဘတ်စ်ကားများ ပြေးဆွဲရာတွင် လမ်းကြောင်းများသည် မလိုအပ်သော လမ်းကြောင်းထပ်နေမှုများကြောင့် ခရီးသည်များအတွက် အချိန်မကြန့်ကြာသင့်ပဲ ကြန့်ကြာနေခြင်း၊ စသည့်အခက်အခဲတို့မှာ အစိုးရနှင့် သက်ဆိုင်ရာဘတ်စ်ကားကုမ္ပဏီများ၏ တာဝန်ဖြစ်ပေသည်။ ဤသည်မှာ မြို့တော်ကြီးများဖြစ်သည့် ရန်ကုန်မန္တလေး စသည့် မြို့ကြီးများ၌ နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများဖြစ်၏။
လမ်းဖောက်လုပ်သော ကုမ္ပစီများသည်လည်း ထို့အတူပင်ဖြစ်သည်။ တောလ်ဂိတ်အဝင်ဝလောက်တွင်သာ ချောချောမွေ့မွေ့ခင်းထားပြီး ဟိုက်ဝေးလမ်းမများပေါ်တွင်မူ ကောင်းမွန်သော ဝန်ဆောင်မှုမရှိသည်မှာ စာဖတ်သူများ မြန်မာနိုင်ငံသူနိုင်ငံသားများ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခင် ရန်ကုန် မန္တလေး ခြောက်လမ်းသွား အဝေးပြေးလမ်းမကြီးမှာ နှစ်လမ်းသွားမျှသာ ကတ္တရာခင်း၍ လေးလမ်းသွားမှာမူ မြေသားများဖြစ်သည်. စာရေးသူမှတ်မိသလောက်ဆိုရပါမူ ၂၀၀၅/၂၀၀၆ ခုနှစ်များတွင် ထိုစီမံကိန်းအား တာဝန်ယူဖောက်လုပ်နေသော ကုမ္ပဏီမှာ အေးရှားဝေါလ်ကုမ္ပဏီဖြစ်သည်။ လမ်းကောင်း မကောင်းကိုတော့ အထူးပြောစရာမလိုတော့ပြီ။ ထိုကဲ့သို့ ကုမ္ပစီများအနေဖြင့် တာဝန်လစ်ဟင်းမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးများ ခရီးရောက်သင့်သလောက် မရောက်ပဲ ဖြစ်၏။ နိုင်ငံခြားခရီးသွားများနှင့် ပြည်သူများအတွက် အခက်အခဲမရှိသင့်ပဲရှိနေရ၏။
နောက်တစ်ခုမှာမူ Banking Servic မှစ၍ ကုမ္ပဏီတစ်ခုနှစ်တစ်ခု ဆက်သွယ်မှုပြုရာတွင် အဓိကလိုအပ်သော တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက်နှင့် လျှပ်စစ်စွမ်းအား မလုံလောက်မှုများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသို့ ရှေးရှူ့ပြုရာတွင် အထက်မှာဆိုခဲ့သောအရာများသည် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်မှာ ငြင်းစရာမရှိ။ လမ်းတံတား အဆင်ပြေချောမွေ့ ကောင်းမွန်စေရေး၊ လျှပ်စစ်စွမ်းအား လုံလုံလောက်လောက်ရှိနေနိုင်ရေး၊ တယ်လီကွန်မြူနီကေးရှင်းနှင့် အင်ဖိုမေးရှင်းတောင့်တင်းရေးများသည် အဓိကအချက်အချာကျသော အရာများဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ ဖောင်ဒရေးရှင်းဟုလည်း ဆိုနိုင်ပေသည်။ ထိုဖောင်ဒရေးရှင်း အားကောင်းမှသာလျှင် နိုင်ငံ၏စီးပွားရေးနံရံများကို အသားတကျဆက်လက်တည်ဆောက်နိုင်မည် ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည်တို့သည်လည်း ရဲရဲဝံ့ဝံ့ဝင်လာနိုင်ပေမည်။ ထိုသို့မဟုတ်ပဲ စာရေးသူဆိုခဲ့သော ဖောင်ဒရေးရှင်းများအနက်မှ တစ်ခုခုလျော့နေလျှင်ပင် ကြီးမားသောအဆုံးရှုံးကြီး ဖြစ်နေပေလိမ့်မည်။ နောက်ကျ ကျန်နေခဲ့ပေလိမ့်ဦးမည်။လျှပ်စစ်မလုံလောက်၍ လမ်းပမ်းဆက်သွယ်ရေး ညံ့ဖျင်း၍ စသည်ဖြင့် ၍၍ နေပါမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းနှင့် လက်ရှိ ရှိပြီးသား စက်မှုဇုံများ အချိန်မှန် မလည်ပတ်နိုင်ခြင်း စသည်များသည် နိုင်ငံအား ယုတ်လျော့စေခြင်းများသာ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းကြောင့် တိုးတက်လာသောလူဦးရေအရ အလုပ်လက်မဲ့ဖြစ်ရခြင်းများနှင့် ကြုံရခြင်း စက်မှုဇုံများ မလည်ပတ်နိုင်ခြင်းကြောင့် အလုပ်ရှိပြီး အလုပ်သမားများ အလုပ်မမှန်ခြင်းများဖြစ်နိုင်သည်ကို နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ဆင်ခြင်လေ့လာ သတိပြုရပေမည်။ ထိုတွင်မဟုတ်ပဲ အလုပ်သမားများအပေါ် အခြေခံလစာနှင့် ရပိုင်ခွင့် အခွင့်အရေးများကို လစ်လျူရှုမနေပဲ အလုပ်သမားစောင့်ရှောင့်ရေးများတွင် နိုင်ငံတကာကို အတုယူပြီး ဆက်လက်ချီတက်ကြရန်လိုပေသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် မိမိတို့စိတ်ဓါတ်များကို နိုင်ငံကြီးသားပီသသူပီပီ အကောင်းဆုံဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြပါရန်တင်ပြရင်း နိဂုံးချုပ်လိုက်ရပေသည်။


မင်းကြည်ညို

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.