အမှာစာရေးခြင်းနှင့်စာရေးဆရာ


အမှာစာရေးခြင်းအကြောင်းနှင့်စပ်လျဉ်း၍ သတိပြုဆင်ခြင်ရမည့်အချက်များကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်တော်ဖတ်ခဲ့ဖူးသည်။ မည်သူရေးခဲ့သည်ကိုဖြင့် မှတ်ဥာဏ်အားနည်းမှုကြောင့် မမှတ်မိ မသိတော့။ ထိုအထဲတွင်အမှာစာရေးပေးခွင့်ကြုံရသောသူများအနေဖြင့် မိမိရေးပေးရမည့် စာရေးဆရာ၏စာအုပ်တွင် စာပေဝါကျသတ်ပုံမှစ၍ စာရေးသောသူ၏လိုရင်းအဓိပ္ပါယ်နှင့် အကြောင်းအရာတို့ကိုပထမဦးဆုံးခံစားရသောသူများဖြစ်သည်။ သတ်ပုံမှားလျှင်သော်လည်းကောင်း၊ လိုရင်းရောက်ရန်ထက် မလိုအပ်သောအရာများရှိနေသည်ကိုသော်လည်းကောင်း၊ ထိုအမှာစာရေးသူပေါ်တွင် အထူးသတိထားရမည့် အချက်များဖြစ်နေပေသည်။ အမှာစာရေးရုံတင်သာမက (Proof)ပရုဖ်ဖတ်ခြင်းသဘောမျိုးကိုပါ တစ်ပါတည်းလုပ်သွားရန်လိုအပ်ပေသည်။ တစ်နည်းဆိုရသော် ထိုစာအုပ်၏ အယ်ဒီတာသဘောမျိုးပါ မှတ်ယူရပေမည်။ မည့်သည့်စာရေးဆရာမဆို သတ်ပုံဝါကျ အမြဲတမ်းမှန်ကန်နေသည်ဟုမရှိ။ သို့သော် အတတ်နိုင်ဆုံး အထူးသတိထားဆင်ခြင်ရမည့် တာဝန်ရှိနေသည်။ သတ်ပုံမှား၍ အဓိပ္ပါယ်ပါလွဲရသောအဖြစ်မျိုး မကြာခဏဆိုသလို ကြုံတွေ့နေရသည်။ ဤသို့ဆို၍ ဤစာကိုရေးနေသော ကျွန်တော့်ကို ကြီးကျယ်လွန်းသည်ဟု ထင်ချင်လည်းထင်နိုင်သည်။ ကျွန်တော်သည်လည်း မှားခဲ့သောအရာများရှိခဲ့ဖူးပါသည်။ ဂရုစိုက်ရပါသည်။ ကိုယ်ရေးထားသော ကဗျာ၊ဆောင်းပါးများကို အထပ်ထပ်အဖန်ဖန် ပြန်လှန်ဖတ်ရပါသည်။ တစ်ခါတစ်ရံ ချွတ်ချော်လွဲမှားသွားသောအခါ စာဖတ်သူများကို အားနာ၍ မိမိကိုယ်ကိုမိမိလည်း ရှက်မိသည်။ ထိုအမှားကို ကျွန်တော်သိသောအခါ အလျင်အမြန်ပြင်ရပါသည်။ မှတ်ရပါသည်။ ထောက်ပြသောသူ၏ အဆုံးအဖြတ်ကိုလည်း မှန်မမှန်ဆင်ခြင်ရပါသေးသည်။ ထိုအမှားကိုထောက်ပြသောသူများအားလည်း ကျေးဇူးတင်ရပါသည်။

ကျွန်တော်စာဖတ်သောအခါ ထိုစာအုပ်၏ စာလုံးပေါင်းသတ်ပုံမှစ၍ စာရေးသူဘာကိုညွှန်းဆိုရေးသားသနည်းအား တစ်ခါတည်းသတိထား၍ ဖတ်မှတ်သည့်အကျင့်ရှိပါသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းစာရေးဆရာမတစ်ယောက်၏ စာအုပ်တစ်အုပ်ကို သူ့လက်မှတ်ဖြင့် လက်ဆောင်ရရှိခဲ့ပါသည်။ ထိုစာအုပ်တွင် အမှာစာရေးသောစာရေးဆရာမှာ နာမည်ကြီးအထင်ကရ စာရေးဆရာကြီးတစ်ယောက်ဖြစ်သည်။ သူ့အမှာစာသည် ချောမောပြေပြစ်နေပါ၏။ သို့သော် စာရေးဆရာ၏စာအုပ်သည် မည်သို့သောစာပေဖြစ်သနည်း၊ ထိုစာအုပ်က မည်သို့အကျိုးပြုနိုင်သနည်း စသည့်အချက်များ မပါဝင်ပါ။ ထိုသို့တင်မဟုတ် စာရေးဆရာ၏စာအုပ်၌ စာလုံးပေါင်းသတ်ပုံကိုပင်မပြင်ပဲ ပင်ကိုယ်ရေးသူ၏ အနေအထားအတိုင်း ပစ်ထားလိုက်သည်။ စာအုပ်၏အမှာစာ၌မူ စာရေးဆရာအား အောင်မြင်ပါစေကြောင်း ဆုတောင်းပတ္တနာအခါခါ ဆန္ဒပြုထားသည်ကိုသာ ဖတ်ရှုရပေသည်။ ကျွန်တော်စဉ်းစားမိပါသည်။ အဘယ့်ကြောင့်ထိုသို့ ဖြစ်ရသနည်း။ ရှင်းပါသည်။ ထိုအမှာစာရေးသူမှာ စာရေးဆရာ၏စာအုပ်ကိုမဖတ်ပဲ ဝတ်ကျေတန်းကျေသာ အမှာစာရေးခြင်းဖြစ်မည်။ ထိုစာအုပ်ထဲတွင် လုပ်တတ်သည်ဟူသော အသုံးအနှုန်းကို လုပ်တက်သည်ဟုရေးသည်။ ကမ္ဗျည်းမှတ်တမ်းဟူသောအသုံးအနှုန်းကို ကမ္ဗည်းဟုရေးသည်။မလုပ်ဖူးဘူးကို မလုပ်ဘူးဘူးစသည်ဖြင့် တစ်အုပ်လုံး အမှားများစွာ ချာချာလည်နေသည်ကို အနှီအမှာစာရေးသောစာရေးဆရာကြီး သတိမထားမိခြင်းတော့ မဖြစ်တန်ရာ။ ယခုခောတ်ကျွန်တော်တို့ကာလ၌ စာပေကျွမ်းကျင်လိမ္မာသူများအနေဖြင့် ထိုအခြင်းအရာများကို တာဝန်ရှိ တာဝန်သိစိတ်ဓါတ်ဖြင့် ပြုပြင်ပေးရပေမည်။ သို့မဟုတ်လျှင် ထိုအမှားကြီးများအား နောင်လာနောက်သား လူငယ်များ၏ခေါင်းထဲတွင် သံမှိုနှင့်ရိုက်စွဲထားသကဲ့သို့ရှိလျှင် စာပေ၏အန္တရာယ် မည်မျှကြီးမားလာနိုင်သည်ကို မတွေးဝံ့စရာပါပေ။ ဤကိစ္စနှင့်ပတ်သက်၍ ဆရာဂျက် (ကွမ်းခြံကုန်း)၏ လုလင်ဟု ဖတ်တော်မူကြပါရန် ဟူသောဆောင်းပါးကို သတိရမိသည်။ ထိုဆောင်းပါး၌ “လုလင်”မဂ္ဂဇင်းအယ်ဒီတာမှာ ဆရာမထိပ်ထား ဟူ၏။ ထို့ကြောင့်ကလောင်နာမည်အသုံးပြုရာတွင် “ထိပ်ထား(လုလင်)”ဟုကလောင်ယူသုံးသည်ဆိုသည်။ တစ်ခါသော် ဘယ်ကနေဘယ်လိုမှားသည်မသိ မဂ္ဂဇင်းထွက်လာသောအခါ “ထိပ်ထား(လင်လု)”ဟု ထွက်လာရာ အုပ်အုပ်ကျက်ကျက်နှင့် ငိုရမလို ရယ်ရမလိုဖြစ်ခဲ့ရဖူးသည်ဟူ၏။ ထိုသို့သုံးသပ်သော် မည်မျှအရေးပါလှသည်ကို စာဖတ်သူများ တွေးမိကြပေလိမ့်မည်။ ပြင်ဖတ်ပါလိမ့်မယ်ကွာ..ဟု လွယ်လွယ်တွေးလျှင် ခက်ချေရော့မည်။ ထို့ကြောင့် စာလုံးပေါင်းသတ်ပုံနှင့်အဓိပ္ပါယ်များကို လွန်စွာဂရုစိုက်သင့်ပေသည်။ လေ့လာရန်လည်း လိုအပ်လှပေသည်။ ဆရာမ ကပြသဖြင့် ကျွန်တော်တို့ကြည့်ခဲ့ရသည်ကို ဆရာမက ပြသဖြင့် ကျွန်တော်တို့ကြည့်ခဲ့ရသည်ဟူ၍လည်း ပုဒ်စပ် ပုဒ်ဖြတ်မှားသောအမှားများကို ယနေ့စာပေလောကတွင် အကျည်းတန်စွာမြင်တွေ့နေရသည်။ မြန်မာစာပေမြန်မာသဒ္ဒါ၌ သန္ဓိ သမ္ဗန္ဓဟူသော ပုဒ်စပ်ပုဒ်ဖြတ်များကိုလည်း နားလည်သင့်ပေသည်။ စာရေးသော စာရေးဆရာတစ်ယောက်အနေဖြင့် မိမိရေးသောစာကဗျာများတွင် စာလုံးပေါင်းသတ်ပုံမှစ၍ ဝါကျအထားအသို ပုဒ်စပ်ပုဒ်ဖြတ်စသည့်အချက်များကို နေရာတကျမှန်ကန်နေအောင် ဂရုတစိုက်ရေးသားမှသာလျှင် မိမိရေးသောစာသည် စာဖတ်သူများအတွက် အများကြီးအကျိုးမပြုနိုင်လျှင်တောင် အင်အားကောင်းသော စာပေအဖွဲ့အနွဲ့မျိုးဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပဲ မည်မျှပင်အကျိုးပြု ရသစာပေဖြစ်နေစေကာမူ စာဖတ်သူအတွက် စာဖြောင့်ဖြောင့်မဖတ်နိုင်ပဲဖြစ်နေတတ်ပါသည်။ သို့ဖြစ်လျှင် အမှာစာရေးသောဆရာနှင့် စာရေးသောဆရာများ၏ စာပေဂုဏ်သိက္ခာသည် အလိုလိုတန်ဖိုးလျော့သွားမည်မှာမလွဲဧကန်ဖြစ်သည်။ စကားမပီခြင်းထက်၊ စာမပီခြင်းကပြဿနာပိုကြီးသည်။ စကားမပီခြင်းသည် မိမိနှင့်ပြောဆိုနေသောသူများသာသိပြီး စာမပီခြင်းသည် မိမိရှေ့တွင်မှမဟုတ်ပဲ မိမိရေးသောစာအား ဖတ်သောသူတိုင်းကို ဒုက္ခပေးရာရောက်သည်။ မည်မျှထိရောက်လိုက်သနည်းဟူကိုမူ စာဖတ်သူများတွေးတောလျှင် မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် စာရေးသောဆရာများအနေဖြင့် မိမိရေးသောစာကို အပြန်အလှန်ဖတ် အထပ်ထပ်စိစစ် အမှားရှာပြီးမှ စာဖတ်သူသို့ချပြသင့်သည်။ အမှာစာရေးသောဆရာသည်လည်း မိမိရေးမည့်စာအုပ်တွင်စာလုံးပေါင်းသတ်ပုံမှစ၍ ပြင်ဆင်သင့်သည်နှင့် လိုအပ်မလိုအပ်သော နယ်ပယ်အကြောင်းအရာများကိုသုံးသပ်ပြီး စာအုပ်အတွက်အလေးထား ရေးသားရပေမည်။ ထိုမှသာလျှင် မိမိ၏စာပေဂုဏ်ကို မထိခိုက်မည်ဖြစ်သည်။ စာရေးသူက စာအုပ်ထွက်ဖို့အရေး ပိုက်ဆံရဖို့အရေးနှင့် နာမည်ကြီးဖို့အရေးသာလုပ်နေလျှင် စာပေလောက၌ စာရေးဆရာဟူသော အမည်ခံစာရေးဆရာသာဖြစ်ပေလိမ့်မည်။ အမှာစာရေးသူသည်လည်း ထိုနည်းတူစွာပင်။ စာပေချစ်စိတ် မြတ်နိုးစိတ်ဖြင့် အများကောင်းကျိုးမျှော်ကာ မိမိသိထားနားလည်ထားသည့် ဗဟုသုတများကို ဝေငှခြင်းစိတ်ရင်းအမှန် စေတနာအမှန်(ပရဟိတ)ဖြင့်သာ စာပေလောက၌ ရပ်တည်ရာ၏။ သို့မဟုတ်ပါပဲ မိမိအကျိုးစီးပွား(အတ္တဟိတ)တစ်ခုတည်းဖြင့် ရပ်တည်ခြင်းငှာမသင့်။ အမှန်ဆိုရသော် အတ္တဟိတသည် ဖြစ်ဆဲပစ္စုပ္ပန်၌သာ မိမိအတွက်ကျန်၍ ပရဟိတဟူသည်ကား ယခုဘဝတင်မဟုတ်။ မိမိအတွက်နောင်သံသရာအထိပါ ပါနိုင်သော အပြုအမူကိုယ်ကျင့်တရားများဖြစ်ပေသည်။ အားမနာတမ်းဆိုရသော် စာရေးဆရာ စာရေးဆရာမတိုင်းသည်လည်း အကျင့်စာရိတ္တကောင်းသည်မဟုတ်။ ကောင်းသူ မကောင်းသူ ရောထွေးယှက်တင်နေကြသော ပုထုဇဉ်သတ္တဝါများသာဖြစ်ကြပေသည်။ ရှိစေတော့၊ ကျွန်တော်ပြောချင်သော အကြောင်းများထဲတွင် စာပေအပေါ်ရိုသေလေးစား တန်ဖိုးထားလျှက် တာဝန်ရှိ တာဝန်သိစိတ်ဓါတ်ဖြင့် လျှောက်လှမ်းရေးသားနိုင်ကြရန်သာ အရေးကြီးကြောင်းဆိုချင်ပါသည်။

စာဖတ်သူများ စာပေဗဟုသုတ ကြွယ်ဝကြပါစေ။
မင်းကြည်ညို
၁ ၊ ၄ ၊ ၂၀၁၃

“ပေးဆပ်ချစ်သူ”


မင်းလိုသမျှ
မင်းဆန္ဒကို
ကိုကဖြည့်ဆည်း ပေးမှာပါ။

မင်းအလိုကျ
မင်းဘဝကို
ကိုကလိုက်လျော ပေးမှာပါ။

မင်းပျော်ရွှင်စေ
မင်းတွက်နေမို့
ကိုလေဘယ်မျှ
စတေးရလဲ
မင်းကသာယာ
ဖြောင့်ဖြူးမှာဆို
ကိုလေပေးဆပ် နေမှာပါ။ ။


မင်းကြည်ညို

အတိတ်ခြေရာ


တစ်ဆောင်းတစ်နွေ
ပြောင်းပေမယ့်လေ
မဟောင်းပေအသစ်
ပြောင်းမနေအချစ်ရေ...။

စောင့်လှည့်အကြည့်
အတိတ်၏ခြေရာ
ထိတ်ဘိဗွေဖြာ
ဝေဒနာတွေက
ဖြေပါဆိုလဲ
ဖြေနိုင်ခဲပါတယ်လေ...။

ရေတမာပင်အောက်
ခင့်ခြေရာတွေမောင်ကောက်လို့
မပျောက်ပျက်တဲ့ခင့်အရိပ်
မောင့်မျက်ဝန်း တဖျတ်မှိတ်တိုင်း
ရင်ထဲမှာ..
သိပ်သတိရတုန်းပေါ့။

ကြာခဲ့ပါပြီ...ကြာခဲ့ပါပြီကော...
ဟိုး...အရင်အချိန်ကလေးများ
မောင့်နှလုံးသားမှာတွယ်ရစ်
မေ့ပစ်ဖို့သိပ်ခက်
အိပ်ရက်တွေလဲနည်းခဲ့ပြီ။

ခင်ရှိခဲ့တဲ့ရက်
အခုလိုမနက်တွေထဲမှာ
မောင့်လက်ကိုဆွဲ
ခင်အမြဲပြောတဲ့စကား
မောင့်နားမှာကြားယောင်ဆဲ
မောင်နဲ့ လုံးဝမခွဲဘူးပေါ့...တဲ့။

ဒီလိုနဲ့ပဲ ခင်ရယ်..
မကြင်ပဲပြေး
အဝေး...ဝေးကို
ဘယ်အတွေးနဲ့များ
မင်းတွက်သွားသလဲ
မောင့်ရင်ထဲဝယ် ဖြေခက်လေတယ်...။ ။
ခင်ငယ်လေးရယ် ပြောစမ်းပါလားကွယ်...။ ။


မင်းကြည်ညို

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.