Posted by
Min Kyi Nyo
at
Saturday, February 16, 2013
မှိုင်းမှိုင်းညို့ညို့
တိမ်ခိုးတို့လျှင်
မို့မို့မောက်မောက်
ဖြိုးဖျောက်ဖျောက်ဖြင့်
သွန်းပေါက်ရွာကျ
ခါတွင်မှလျှင်
နွမ်းလျရော်ရီ
လွမ်းစိတ်အီမိ
သည်းမည်းသည့်မိုး
စိုထိရင်တွင်း
မျက်ရေဆင်းလိမ့်
ဖြေခြင်းမရ
စိတ်သောကလျှင်
လွန်စွနှိပ်စက်
ဆွေးဂယက်ဖြစ်
သက်ထက်သဲညှာ
မောင့်ကလျာနှင့်
ကြန့်ကြာဝေးခြင်း
အမြန်ကင်း၍
ရင်တွင်းထပ်တူ
နီးသို့မူလျှက်
သဲသက်မြေကျ
ပေါင်းပါရစေ
မိုးရေသစ္စာ
ဖွင့်ကာနှုတ်ဟ
တိုင်တည်ပါ့မည်
ဝဿန္တမိုး သက်သေထိုး။ ။
ချစ်သူတေးချိုး လွမ်းစာမိုး။ ။
ရွာစေသွန်းဖြိုး ရွာပါမိုး။ ။
လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
တစ်ပွင့်တစ်ခက်
ကြွေရက်ကယ်စော
နှမြောရင်မှာ သဲနာဖြစ်မိ။
ကြွေဖို့ကြမ္မာ
ဖန်လာဒီပန်း
ပွင့်လန်းကြာကြာ
သာယာရနံ့ သူမပျံ့နိုင်။
ဘယ်လိုခြွေခြွေ
ဘယ်သို့ကြွေလဲ
ပွင့်နေအခိုက်
နှစ်ခြိုက်မြတ်နိုး
ဆပိုးကြင်နာ
ကြည်ဖြူစွာမို့
ညင်သာဖွဖွ
ရွရွထွေးပွေ့
မမေ့မပျောက်
ကောက်ကာနမ်းမြဲ
ရင်ခွင်ထဲဝယ် မြတ်နိုးမယ်...လို့။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
တပို့တွဲ
ပေါက်လဲရယ်တဲ့ နီဟုန်ဟုန်
နှင်းမြူမှုန် ရှစ်စုံလွှမ်းတယ်
လွမ်းပါဘိပုံ၊
သစ်ရွက်က မလုံ့တလုံ
မြူမှုန်က မသဲမကွဲ
ပေါက်လဲပင် ဟိုအထက်မှာ
ကျေးငှက်ကဝဲ၊
ကျေးငှက်ကရောင်စုံညီ
တေးသံစုံ သူတို့နွှဲ
မြိုင်ရဂုံ ဂနိုင်အုပ်မှာ
စုံလို့သာပဲ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
မှိုင်းမှိုင်းညို့ညို့
တိမ်ခိုးတို့လျှင်
မို့မို့မောက်မောက်
ဖြိုးဖျောက်ဖျောက်ဖြင့်
သွန်းပေါက်ရွာကျ
ခါတွင်မှလျှင်
နွမ်းလျရော်ရီ
လွမ်းစိတ်အီမိ
သည်းမည်းသည့်မိုး
စိုထိရင်တွင်း
မျက်ရေဆင်းလိမ့်
ဖြေခြင်းမရ
စိတ်သောကလျှင်
လွန်စွနှိပ်စက်
ဆွေးဂယက်ဖြစ်
သက်ထက်သဲညှာ
မောင့်ကလျာနှင့်
ကြန့်ကြာဝေးခြင်း
အမြန်ကင်း၍
ရင်တွင်းထပ်တူ
နီးသို့မူလျှက်
သဲသက်မြေကျ
ပေါင်းပါရစေ
မိုးရေသစ္စာ
ဖွင့်ကာနှုတ်ဟ
တိုင်တည်ပါ့မည်
ဝဿန္တမိုး သက်သေထိုး။ ။
ချစ်သူတေးချိုး လွမ်းစာမိုး။ ။
ရွာစေသွန်းဖြိုး ရွာပါမိုး။ ။
လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပွင့်နေသမျှ
ကြိုင်ဝေမြပန်း
တင့်ဆန်းပီတိ ဖျန်းပါ၏။
ရင့်ကြွေကျ
သင်္ခါရလွှမ်း
ပင်ပမ်းသောက နွမ်းပါဘိ။
မင်းကြည်ညို
၁၅ ၊ ၂ ၊ ၁၃
Posted by
Min Kyi Nyo
at
Sunday, February 10, 2013
ဒီတစ်ဆောင်း
နှောင်းတော့မည်လား။
ဟောင်းရွက်ဝါကြွေ
နွေဦးလေနှင့်
သူခြွေရော့မည် စိုးထိတ်သည်...တဲ့။
နှင်းဖွေးဖွေး
ပြေးတော့မည်လား။
ရေးရေးမြူမှုန်
လေပြေသုန်လို့
နှင်းကုန်မှာကို စိုးထိတ်သည်...တဲ့။
ဆောင်းသဇင်
ပန်းတော်ဝင်ကလေး ညှိုးတော့မည်လား။
ရွှေသွင်ပိတောက်
ဒီနွေပေါက်မှာ
ထိုးဖောက်တာစူ နေတော့မည်...တဲ့။
ဆောင်းကျေးငှက်
နွေရက် ပျောက်ချင်တော့မည်လား။
နွေငှက်သာမော
ကိုဥသြက
လွမ်းသောချစ်သူ ရှာတော့မည်...တဲ့။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ရူးတယ်ကွယ်
အထူးတလှယ်မလုပ်စမ်းပါနဲ့
အသာကလေးနေစမ်းပါ
ဆယ့်သုံးရက်မနက်
အာရုဏ်တက်တာနဲ့
ငါတို့ဗိုလ်ချုပ်အောင်ဆန်းကို ရင်ထဲမှာမှန်းပြီး
လေးလေးနက်နက် မြတ်မြတ်နိုးနိုး
တို့တစ်တွေ အလေးပြုရှိခိုးကြရအောင်။
ဒီမှာဟေ့ ဒီမှာ
ဒဏ္ဍာရီပုံပြင်အရိပ်ကို
ကလေးတို့ ကြိတ်မှိတ်ခံစားမနေပါနဲ့
ချစ်တာတော့ ချစ်တာပေါ့ကွယ်
ဗိုလ်ချုပ်ကိုတော့ ပိုအလေးထားစေချင်တယ်။
ဖေဖေါ်ဝါရီဆယ့်သုံးရက်နေ့က
တို့ဗိုလ်ချုပ်ကို လူ့ဘဝထဲရောက်လာစေတဲ့နေ့
ကလေးတို့တိုင်းပြည်ကို
ကျွန်ဘဝကလွတ်မြောက်ဖို့
ထိုးဖောက်ကြိုးစားလာသူရဲ့နေ့။
သိလားဟေ့
သူသာမကယ်တင်ခဲ့ရင်
ကလေးတို့ သိပ်အားကျနေတဲ့ ချစ်သူများနေ့
အခုလိုသာယာဖို့ တွေ့ချင်မှတွေ့မယ်။
သူက အဓိပတိ
သူက အတုမရှိ
သူက ကြီးကျယ်မြင့်မြတ်တဲ့
အဂ္ဂမဟာ သေနာပတိ
အဲဒီသူဟာ သခင်အောင်ဆန်းတဲ့
ကလေးတို့ ရင်ထဲကိန်းအောင်းကြစမ်း။
ထပ်ပြောမယ်။
ဖော်တင်းန်ဖေဖေါ်ဝါရီက
ကလေးတို့ အလေးထားစရာမဟုတ်ဘူး
ကိုယ့်ဘာသာ ကိုယ့်သာသနာမှာ
အဲဒီအရာမပါဘူး။
မရူးပါနဲ့
အထူးစာဖွဲ့နေစရာမလိုပါဘူး
ရည်စူးတိုးတိတ်
တစ်ခဏလေး မျက်လုံးမှိတ်ပြီး
စိတ်ကလေးထဲမှာသာ အောက်မေ့ပေးပါ။
ချစ်သူများနေ့
ချစ်သူအတွက် ကဗျာ
လက်ဆောင်တွေထက် တန်ဖိုးရှိပါတယ်။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
တစ်ရက်ထက်တစ်ရက်
စိုးမိုးနေလျှက်ချစ်သူ
မင်းနှုတ်ခမ်းကလေးစူမှာ မောင်ကြောက်တယ်။
တစ်ဖြေးဖြေးတွယ်တာ
ရုန်းမဖယ်သာအောင် ချစ်မိ
မင်းနှုတ်ခမ်းလွှာကလေး
တွန့်ကောက်မှာ မောင်ကြောက်၏။
နာရီရာသီ တစ်စတစ်စ
ပန်းကလေးတွေ ညှိုးကျလဲ
ချစ်သူပန်းကလေးကတော့
ရင်ထဲလှ လန်းနေမြဲ။
နှလုံးသားကိုတွယ်ရစ်
အချစ်က မပြောင်း မညစ်ဘူး
အသစ်အသစ် ရင်ထဲဖြစ်
အချစ်ရေ.....
မောင်ပစ်မထားရက်တော့ဘူး။
ချစ်သဲကညာ
သက်ထားသာမောင်ချစ်
ဟော...ကြည့်စမ်း...အခု
မောင့်အချစ်ပန်းကဗျာသစ်မှာ
မင့်နှုတ်ခမ်းလွှာ တေးဖြစ်ပြီ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
အတွေ့အကြုံ
လူတို့ဘုံက
မျိုးစုံရောင်လွှမ်း
အဖြစ်ဆန်း၏ ၊
ယနေ့ကျွန်တော်
လမ်းမပေါ်၌
ညှိုးရော်စိတ်နွမ်း
သောကမွှမ်း၏ ။
ဘယ်ကြောင့်ဆိုသော်
ရင့်ရော်ရွယ်ပို
အမယ်အိုကား
ခြေတိုတစ်ဖက်
ချိုင့်အခွက်တွင်
လဲလျှက်ပုံကျ
ထူမထနိုင်
ပမ်းစွသူ့အား
သနားယိုဖိတ်
ရင်လဲထိတ်ရွံ့
တွန့်ဆုတ်မရှိ ဖေးထူမိ ။
မယ်အို့မျက်ဝန်း
မျက်ရေသွန်းလျှက်
ပွန်းပဲ့လက်ကို
သိမ်ငယ်ပိုကာ
ဟိုမှာဒီမှာ
ပြန်လှန်စွာကြည့်
မြင်မိအနာ
ညည်းညူရှာသည်
နာပါဘိကွယ် နာဘိကွယ်....တဲ့ ။
သူ့အားကူညီ
လိုရာချီပြီး
စိတ်သည်မရွှင် လေးစွပင် ။
အကုသလ
တိတ်ဘဝသည်
လွန်စွပေဟု
သတိပြုကာ
ခုဘဝလျှင်
ကောင်းမှုယှဉ်လျှက်
နင်သူနာမ
သင်္ခါရမို့
မှတ်ကြနှိုးဆော် မိပါ၏ ။ ။
ပုံကိုဂိုလ်ဂယ်မှာရှာတယ်။ မြင်ရတဲ့အမယ်အိုတွေရဲ့ ပုံရိပ်တွေက
တကယ်ပဲ
စိတ်မကောင်းစရာတွေချည်းမို့ ဇရာနွှယ်နေတဲ့သစ်ပင်အိုကြီးကိုပဲ
အစားထိုးလိုက်ရပါတော့တယ်။ ကဗျာထဲကအမယ်အိုကတော့ ကျွန်တော့်ဘဝထဲမှာ
ဒီကနေ့တွေ့ကြုံလိုက်ရတဲ့အမယ်အိုပါ။ ဒါကြောင့်ရေးမိတာပါ။ တစ်ဆက်တည်းမှာပဲ
သားသမီးတွေအနေနဲ့ မိအိုဖအိုတွေကို ပစ်မထားမိဖို့ သတိပေးလိုက်ရပါတယ်။
မေတ္တာဖြင့်
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ရင်မှာပျိုးစိုက်သောပန်းသည်
သစ္စာတစ်ခက်ဖြစ်၍ နွမ်းလိမ့်မည်မဟုတ်။
နှလုံးသား၌အကြင်နာသည်
အချစ်အတွက်ပင် ဖူးပွင့်ခဲ့ရသည်။
ကြမ်းတမ်းသော မိုးသက်လေပြင်းများသည်
ထိုနှစ်လုံးသားသို့ ထိုးဖောက်၍ကြွေလွင့်ခြင်းငှာမပြုနိုင်ရာ။
ချစ်သူသည် ရင်မှာပဲအစဉ်ကိန်းအောင်းနေသောကြောင့်
အမုန်း၊ အငြှိုး၊ ဝေးကွာခြင်းများ မကျရောက်။
ဤသစ္စာစုကြောင့် ချစ်သူသည်လည်း
အကျွန်၏ရင်မှာ ထာဝရပျော်မွေ့ပါစေသတည်း။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။ ။
ကဗျာတို
စာမအိုသေးပါဘူး
သံစဉ်ချို ချိုအေးတာကြောင့်
ရင်မှာပျို မှိတ်သုန်ခဲ့ပါဘဲ
ငယ်ခါရွယ် ကျောင်းနေခဲ့စဉ်က
တွယ်ကာကွယ်နေ့စဉ်တိုင်းလို
ဖတ်ခဲ့ကြည်နူး။
ကျောင်းကြီးရှေ့ပန်းပင်စုံ
ပန်းပင်အုံရဂုံထဲ
တို့တတွေဝိုင်းစာဖတ်တယ်
ပြေးမြင်ယောင်ဆဲ။
စံပယ်ကတစ်ရုံနှစ်ရုံ
လေဟုန်ကတစ်ခွေ့နှစ်ခွေ့
ပန်းရဂုံဆူးတွေကြားမှာ
နှင်းဆီကမွေ့။
ဘဝကအကွေ့ကြုံ
ပညာစုံတကတည်း
လူ့ဘုံနယ်လမ်းစုံထဲ
ခွဲကြသည်ဘဲ.....။ ။
မင်းကြည်ညို
ဒီကဗျာလေးရေးခဲ့မိတာတော့ ကြာပါပြီ။ အရင်က Note
မှာတင်ဖူးပါတယ်။ အကောင့်အဟက်ခံရတဲ့နောက်ပိုင်း Note တွေ မြင်ရတစ်လှည့်
မမြင်ရတစ်လှည့် ဖြစ်နေတာကြောင့် ပြန်တင်လိုက်တာပါ။
ဓါတ်ပုံကိုတော့ (ဝါးတောကွင်း ကျေးရွာ အ.မ.က ...mandalaygazette.com)
ကနေ ယူသုံးလိုက်ပါတယ်။
Posted by
Min Kyi Nyo
at
အနာလဲထူ
တာစူဇရာ
မရဏာကပ်
ခန္ဓာရပ်မို့
မပြတ်သတိ
ဥာဏ်နှင့်ကြည့်သော်
မရှိအတ္တ
ငါသုညမို့
ဘဝအဖြစ်
ခန္ဓာသစ်ကို
မဖြစ်လိုပြီ ရှိတကား။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
Saturday, February 2, 2013
နွေဦးအခါ
တန်ခူးမှာကား
လေသာနော့နော့
တေးတစ်ကြော့ဖြင့်
ဆိုတော့ငြိမ့်ငြောင်း
သံစဉ်ဟောင်းကို
သစ်လောင်းဖွေမော ကိုဥသြ။
ဖူးလွင်တောက်ပ
ရွက်သစ်လှလည်း
ရွှင်ပျကြည်ကြည်
စီရရီဖြင့်
နွေပီပြင်လုပ်
နွေအရုပ်ကို
ထုတ်နှုတ်ဖော်သည့် နွေပန်းချီ ။
ကသီကလင်
ရွက်ဝါကျင်လည်း
လေတွင်ပျံဝဲ
ကောင်းကင်ဖဲလျှက်
မြေထဲပျံကျ
လေပွေထသည်
ခုန်ထတစ်ဖန် ဝေဟင်ယံ ။
ညိုညိုနီနီ
တောင်ခိုဆီမှ
မှုန်ရီမှိုင်းပျ
တိမ်ညိုမြတို့
တစ်စတစ်နှုန်း
အော်မည်ချူန်းလျှက်
ခွင်လုံးပက်ဖျန်း နွေမိုးပီ ။
ဝါရွှေရည်လူး
သည်(ဒီ)နှစ်ကူးတွင်
ပွင့်ဖူးခက်ခိုင်
ပိတောက်ကြိုင်ဖြင့်
ငုလှိုင်ဆင့်ပွင့်
ညှာတံဝင့်သည်
ရှင့်မိုးဖျန်းပက် ပန်းဝတ်ရည်။
နှစ်ဟောင်းမှသည်
နှစ်သစ်ဆီသို့
ရေကြည်သွန်းလောင်း
အတာညောင်းဟု
စုပေါင်းသင်္ကြန်
ဆင်နွှဲပြန်သည်
သရဏံသီလ ဆောက်တည်ကြ ။
ကဆုန်မာသ
ပုဏ္ဏမ၌
ဗုဒ္ဓညောင်ပင်
ရွက်သစ်ဆင်ရန်
ရေစင်သွန်းလောင်း
ကုသိုလ်ကောင်းမှု
စုပေါင်းပြုသည် နိဗ္ဗာန်ရည် ။
နွေကိုလွန်မြောက်
မိုးကိုရောက်သော်
ဖြိုးဖျောက်တိမ်ပြို
ရွှေမိုးညိုသည်
အိုအိုမည်းမည်း
တသည်းသည်းဖြင့်
မစဲရေသန် လယ်ကွင်းထံ ။
လယ်ရေဖွေးဖွေး
ထွန်ရေးညက်ညက်
ပြည့်တွက်စပါး
ဆန်ပေါများအောင်
လုပ်သားဥာဏ
ဝီရိယဖြင့်
တစ်မတစ်အုပ် တွင်တွင်လုပ် ။
ဝါခေါင်လလျှင်
ဘုရားရှင်နှင့်
မြတ်ရှင်သံဃာ
မဲဖြင့်လျာဖြင့်
သဒ္ဓါရှေးရှု
မြတ်ကောင်းမှုကို
ပြုကြစဉ်ဆက် ယခုထက် ။
မိုးလေကင်းလွတ်
သီတင်းကျွတ်ဝယ်
မချွတ်မယွင်း
စဉ်လာကျင်းသည့်
ရှင်မင်းဗုဒ္ဓါ
ဝတိံသာမှ
အဘိဓမ္မာဟောကြား
တရားပြီးလျှင်
ထက်ကောင်းကင်သို့
ဦးတင်မို့ဖြင့်
ရိုကျိုးကော်ရော်
မီးပူဇော်သည်
မီးထွန်းပွဲတော် ထိန်ထိန်ညီ ။
မြူနှင်းဝေစ
သမယ၌
မြတ်ကထိန်လျာ
လေးဖြာအာနိသင်
ရယူငင်လျှက်
အရှင်မြတ်များ
အကျိုးများစေ ပွဲတော်ပေ ။
ဆောင်းရာသီတွင်
နန်းတော်ဝင်ဘိ
သဇင်မည်ရ
ပန်းအလှကို
တစ်ဝရှုစား
ပန်လိုအားဖြင့်
ပင်ဖျားပင်မြင့် ဂုဏ်တင့်တင့် ။
(မေတ္တာကြိုးယှက်
ပန်လိုရက်ဖြင့်
တစ်ခက်သဇင်
ပန်းသခင်ကို
ရင်ဝယ်သိမ်းရန်
စိတ်အကြံနှင့်
တောင်ယံတက်ဆင်း
ရဂုံတွင်းဝယ်
မြူနှင်းဖော်ပြု
အေးမမှုနှင့်
တစ်ခုသစ်ပင်
ဟိုထက်တွင်ဝယ်
သဇင်ခက်ဖူး ပန်ခဲ့ဖူး ။)
နတ်တော်ထိုလ
သမယဝယ်
သုတစုံလင်
စာပေခွင်တည့်
လူရှင်များပြား
စာပေအားဖြင့်
ကျိုးများရည်သန် ဆင်နွှဲပြန် ။
ခွာညိုရနံ့
သင်းပျံ့ပျံ့နှင့်
စိုဖန့်နှင်းယို
လပြာသိုလ်တွင်
မြင်းပျိုငယ်ချင်း
ပွဲတော်ခင်းသည်
မြင်းခင်းသဘင် ပွဲတော်ပင် ။
ထမင်းနဲပွဲ
တပို့တွဲဝယ်
အားခဲကျင်းပ
တူဝေငှလျှက်
နီစွပေါက်လဲ
တရဲရဲတည့်၊
ဖူးရွစုံညီ
သရဖီနှင့်
စေတီသဲပုံ
မြတ်ခြေစုံကို
လက်ငုံကြာပန်း
ဆုချွေတမ်းသည်
ရွှင်လန်းနှစ်သစ် ကြိုထောက်လင့် ။
မြောက်လေတစ်ကြော့
တောင်လေသော့နှင့်
ပေါ့လျော့ရွက်ဝါ
ရိုးတံခါ၍
မြေမှာကြွေကျ
သက်ဆင်းရသည်
ရွှင်ပျမကြည် လွမ်းငွေ့ရီ ။
နှင်းမှုန်ကြားဝယ်
ရွက်ဝါငယ်သည်
တွယ်ရာမဲ့မဲ့
သက်ဆင်းခဲ့၍
ပစ်မဲ့ဘဝ
ရောက်ခဲ့ရလည်း
ပြန်ကျပင်အောက်
ထိုမြေစောက်၌
ရွက်ခြောက်ဆွေးဆွေး
မြေဇာကျွေးသည်
သက်ပေးရှင်စေ
ရွက်သစ်ဝေဟု ။
တောင်ခြေပတ်လည်
မြူဝေသွယ်လျှက်
ဆေးခြယ်ငွေရောင်
အောက်ခံဘောင်ကို
ညိုရောင်ပီပြင်
လွမ်းငွေ့သွင်ဖြင့်
စိတ်လျှင်ငေးငေး
ဝေးသို့တွေးသည်
ဖြစ်ရေးပျက်မြင်
ဟိုတိတ်စဉ်ကို
ပြန်မြင်လျှင်လည်း မျက်ရည်ဝဲ ။ ။
ကြည်နူးလျှင်လည်း ပီတိခဲ ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
စကားဆိုတာ၊ ပျားသကာလို
ချိုသာနေခိုက်၊ သူအကြိုက်တွေ့။
တမာလိုခါး၊ ဆိုစကားမူ
နားမှာခံခက်၊ စိတ်ပျက်ဖွယ်လေ့။
စကားစကား၊ ဆိုပါငြားသော်
အမှားမယှက်၊ နှစ်ဖက်မျှတ
ဆိုတတ်မှလျှင်၊ အားရနှစ်ထောင်း
ချီးမွမ်းကောင်း၏၊ မိတ်ပေါင်းသဟာ
နှစ်သက်စွာ၏၊ ဝါစာပီယ
ပါးစပ်မှတွင်၊ ဖွင့်ဟနှုတ်ချို
သို့ကလိုကြောင့်၊ အပိုမရှိ
မှန်သည့်ထုံးမူ၊ နှလုံးယူကာ
များလူတို့ကြား၊ သစ္စာထားလျှက်
တရားနှင့်ပင်၊ ဥာဏ်နှင့်ယှဉ်သော်
နှုတ်လျှင်ချိုမြ မဆုံးတည်း။ ။
မင်းကြည်ညို