Posted by
Min Kyi Nyo
at
Saturday, December 29, 2012
ဒီမယ်ညီမလေးရေ့....
ဘဝထဲမှာလေ
မနာလိုတာတွေ ရှိမယ်
အသာခိုတာတွေရှိမယ်
ဒါတွေကို သိလာမှ
လောကကြီးမှာ အထာကျမယ် ညီမရဲ့
ပြောစရာရှိတာ ပြောလိုက်ပါ
ဟောစရာရှိတာ ဟောလိုက်ပါ
အားနာစရာမလိုဘူးကွဲ့။
ဒီမယ်ညီမလေးရေ့...
ကိုယ်ကကျတော့အားတွေနာ
သူတို့ကျတော့ မစားသာအောင်စောင်းရွဲ့
မဲ့တဲ့တဲ့နဲ့ ဖဲ့မဟဲ့စိတ်မျိုး
အို့...နိုး..နိုး..နိုး
ဒီအချိုး မချိုးစေနဲ့
ကျိုးမလာတဲ့ နင်တို့ရဲ့သဘော
တို့ကတော့ နောကျေ
ပြောနေတဲ့ အပြောတွေအစား
အလုပ်တွေကို သက်သေထားပြီး
ငါ့ထက်ခရီးရောက်အောင် ပြေးပေါ့လို့
ခပ်ကျော့ကျော့ ခပ်မော့ခပ်မော့
ရင်လေးကော့ပြီး ပြောလိုက်ကွဲ့။
ဒီမယ်ညီမလေးရေ့...
လူဆိုတာလူပါပဲ
မတူတာ အမြင်တွေပဲကွ
တစ်ချို့ကအဖြူဆို
တစ်ချို့ကဖွေးသတဲ့
ကပ်ဖဲ့တဲ့စကား
သူတို့မှပဲ ပြောတတ်သလား
အမည်းကအနက်
ငါလဲဒက်ခနဲပြောတတ်တာပဲ
သူတို့မသိတာမှတ်လို့
တတ်အပ်ဆိုပြီးတောင် ပြောလို့ရတယ်
ဒါပေမယ့်လဲ ညီမရေ...
ဖြူစေကွယ့်စိတ်ထား
မေတ္တာလေးတွေပွားပြီး
အမှားလေးတွေနည်းအောင်
ကိုယ့်အသိဥာဏ်လေး သတိဆောင်ပြီး
မာနမထောင်မိစေနဲ့
မာနထောင်ပြီး အောက်ခြေလွတ်
ဇွတ်တရွတ် မျောပါ
ဘဝနာကုန်ကြတဲ့သူတွေ
လောကကြီးမှာ အသင်္ချေရှိတယ်
သို့ကလို ဘဝမနာစေဖို့
ဒီကဗျာလေး အစ်ကိုပို့လိုက်တယ်
ဆုံးအောင် ဖတ်ကွယ် ညီမရယ်
လူ့ဘဝဟာ ဒီသဘောကွယ်။ ။
မင်းကြည်ညို
၃၀ ၊ ၁၂ ၊ ၁၂
Posted by
Min Kyi Nyo
at
အချစ်အတွက်
အရိပ်တစ်ခု မဖြစ်ခဲ့ရင်တောင်
အချစ်အတွက်
ထီးတစ်လက်ဖြစ်ပါရစေသား။
အချစ်အတွက်
ဈေးကြီးကြီးပန်းတစ်စီး မဖြစ်နိုင်ခဲ့ရင်တောင်
အချစ်အတွက်
တောပန်းတစ်ခက် ဖြစ်ပါရစေသား။
အချစ်အတွက်
တောက်ပထိန်လင်း လတစ်စင်း မဖြစ်ခဲ့ရင်တောင်
အချစ်အတွက်
ကြယ်စင်တစ်လက် လင်းလျှက်ဖြစ်ပါရစေသား။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
အပြစ်မဲ့စွာနဲ့
ချစ်ခဲ့ပါသော သဲညှာသို့
မေတ္တာလွှာ စာတစ်ချို့ကို
မောင်ရေးလိုက်ပါသည်။
လမ်းခွဲမှာ
ဝမ်းမနည်းပါနှင့်ဆိုပေမယ့်
သဲကျွမ်းတာ မေအသိ
နောက်ကွယ်မှာ မောင်ငိုမိခဲ့တယ်။
ချစ်လို့မှမဝခင်မှာ
ဝေဒနာကိုယ်စီပိုက်
ကြမ္မာမိုက် အတိုက်လေကြောင့်
ပူလှောင့်ဝေ နှလုံးသားမှာ
လမ်းခွဲစရာ အနာအကျင်တွေနဲ့
သံယောဇဉ် တစ်မျှင်တင်းပြီး
ဖြေရင်းနဲ့ပဲ လမ်းခွဲခဲ့ကြတယ်နော်။
ချစ်သူရေ...
လစ်လျူရှုပြီမထင်နဲ့
ဝေးခဲ့တဲ့နေ့ကစလို့
ဘဝဆိုတဲ့ဘဝမှာ
အချစ်ဟာ အချစ်ပါပဲ၊
ပြောင်းလဲမှုမဲ့
ဟောင်းလဲမဟောင်းခဲ့ပါဘူး
နှောင်းလဲမနှောင်းသေးဘူးထင်ပါတယ်။
ငယ်ကအကြောင်း
မပြောင်းလဲတဲ့မောင့်အချစ်
သံယောဇဉ်သွေးအသစ်တွေနဲ့
လှစ်ချွေစကားပါးချင်တာက
အချစ်ရယ်…
ချစ်နေမယ် တစ်သက်လုံးပါပဲကွယ်။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပွင့်ပါဦးမာလာ
နေခြည်ဖြာငဲ့၊
ရနံ့သာ ဥယျာဉ်ကျောမှာ
ပြုံးဝင့်စွာနဲ့။
စေပါဦးလေပြေ
နေခြည်ဖြာငဲ့၊
ပဒေသာ ပန်းတွေကြားမှာ
သင်းပျံ့စွာနဲ့။
ကျေးငှက်လေးတေးသီ
နေခြည်ဖြာငဲ့၊
တီတာတာ သံစုံချင်းကို
ပီသစွာနဲ့။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
နေခြည်တစ်စက်
သူမသက်ခင်
စိမ်းခက်ညိုမြ
အချစ်ရောင်ခြည် ဖြစ်ပါရစေသား။
လရောင်အေးအေး
သူမပေးခင်
နွေးထွေးရွှန်းမြ
အချစ်ကြယ်စင် ဖြစ်ပါရစေသား။
ပန်းလေးတစ်ပွင့်
နံ့မလွှင့်ခင်
ဝင့်စွာဖူးရွ
အချစ်ပန်း ဖြစ်ပါရစေသား။
တိမ်လွှာမိုးပြေး
ရွာမပေးခင်
လေသွေးကြည်မြ
အချစ်မိုး ဖြစ်ပါရစေသား။
ကျေးငှက်ပျိုပျို
တေးမဆိုခင်
တေးချိုချိုမြ
အချစ်ငှက် ဖြစ်ပါရစေသား။
လေပြေကလေး
မညင်းသေးခင်
ရိပ်သွေးငြိမ့်မြ
အချစ်လေညင်း ဖြစ်ပါရစေသား။
အေးမြစမ်းရေ
ခမ်းမနေခင်
မောင်လေသီတ
အချစ်ရေ ဖြစ်ပါရစေသား။
ဂိမာန်အလှ
အချစ်ပိတောက်ဖြစ်ပါရစေသား။
ဝဿန်အာကာ
အချစ်မိုးတွေရွာပါရစေသား။
ဟေမာန်သခင်
အချစ်နှင်းပင်ဖြစ်ပါရစေသား။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ဒီမယ်ညီမလေးရေ့....
ဘဝထဲမှာလေ
မနာလိုတာတွေ ရှိမယ်
အသာခိုတာတွေရှိမယ်
ဒါတွေကို သိလာမှ
လောကကြီးမှာ အထာကျမယ် ညီမရဲ့
ပြောစရာရှိတာ ပြောလိုက်ပါ
ဟောစရာရှိတာ ဟောလိုက်ပါ
အားနာစရာမလိုဘူးကွဲ့။
ဒီမယ်ညီမလေးရေ့...
ကိုယ်ကကျတော့အားတွေနာ
သူတို့ကျတော့ မစားသာအောင်စောင်းရွဲ့
မဲ့တဲ့တဲ့နဲ့ ဖဲ့မဟဲ့စိတ်မျိုး
အို့...နိုး..နိုး..နိုး
ဒီအချိုး မချိုးစေနဲ့
ကျိုးမလာတဲ့ နင်တို့ရဲ့သဘော
တို့ကတော့ နောကျေ
ပြောနေတဲ့ အပြောတွေအစား
အလုပ်တွေကို သက်သေထားပြီး
ငါ့ထက်ခရီးရောက်အောင် ပြေးပေါ့လို့
ခပ်ကျော့ကျော့ ခပ်မော့ခပ်မော့
ရင်လေးကော့ပြီး ပြောလိုက်ကွဲ့။
ဒီမယ်ညီမရေ့...
လူဆိုတာလူပါပဲ
မတူတာ အမြင်တွေပဲကွ
တစ်ချို့ကအဖြူဆို
တစ်ချို့ကဖွေးသတဲ့
ကပ်ဖဲ့တဲ့စကား
သူတို့မှပဲ ပြောတတ်သလား
အမည်းကအနက်
ငါလဲဒက်ခနဲပြောတတ်တာပဲ
သူတို့မသိတာမှတ်လို့
တတ်အပ်ဆိုပြီးတောင် ပြောလို့ရတယ်
ဒါပေမယ့်လဲ ညီမရေ...
ဖြူစေကွယ့်စိတ်ထား
မေတ္တာလေးတွေပွားပြီး
အမှားလေးတွေနည်းအောင်
ကိုယ့်အသိဥာဏ်လေး သတိဆောင်ပြီး
မာနမထောင်မိစေနဲ့
မာနထောင်ပြီး အောက်ခြေလွတ်
ဇွတ်တရွတ် မျောပါ
ဘဝနာကုန်ကြတဲ့သူတွေ
လောကကြီးမှာ အသင်္ချေရှိတယ်
သို့ကလို ဘဝမနာစေဖို့
ဒီကဗျာလေး အစ်ကိုပို့လိုက်တယ်
ဆုံးအောင် ဖတ်ကွယ် ညီမရယ်
လူ့ဘဝဟာ ဒီသဘောကွယ်။ ။
မင်းကြည်ညို
၃၀ ၊ ၁၂ ၊ ၁၂ —
Posted by
Min Kyi Nyo
at
Saturday, December 22, 2012
ရုတ်တရက်
နှုတ်ဆက်တာမဟုတ်ပါဘူး။
ဟော...ဟိုမှာ
ကြယ်ကလေးတစ်ချို့
သူတို့လင်းဖို့ တာစူနေကြတယ်။
မနက်ဖြန်မနက်မှာ
ကျုပ်နေထွက်ပါမယ်၊
ကောင်းသောညပါ ကမ္ဘာ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
မျှော်လေလေဝေး
ဝေးလေလေလွမ်း
တမ်းတတအော်
ခေါ်ပါသော်လည်း
သဲကွဲမကြား
ကမ္ဘာခြားမို့
တေးသွားလေးများ လွမ်း၍ဆို။
ဝေးလေလေချစ်
ချစ်လေလေလွမ်း
မှန်းမျှော်မျှော်နေ
ကြေကွဲလုပြီ
စုံညီမျက်ဝန်း
မျက်ရေသွန်းလျှက်
ရင်မွန်းနစ်ကာ လွမ်း၍ပြို။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
တစ်ပွင့်ပန်း
ရင့်စမ်းပါစေဦးတော့။
လေအသုတ်
ကြွေပြုတ်ပါစေဦးလေ။
ပင်ခြေအောက်
နွမ်းခြောက်နေပါစေပေါ့။
ပန်းဘဝဆိုတာ
တစ်ခဏသာမို့၊
ပွင့်လာကတည်းက
ကြွေရသည့်အဆုံး
မိုးလုံးမည်းရိုက်ရိုက်
လေတိုက်ပဲရမ်းရမ်း
နေကြမ်းပဲပူပူ
ရနံ့တွေတကြူကြူနဲ့
ပျားပိတုန်းတွေ တဆူဆူကြားမှာ
ဝင့်ကြွားစွာပွင့်လို့
ပန်းတရားတို့ ဖွင့်ခဲ့သည်။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
Wednesday, December 19, 2012
သောကအလွမ်း
မျက်ရေစမ်းလေး
လွှမ်းမှန်းမသိ
ပါးပြင်ထိသော်
မချိတင်ကဲ
မောင့်ရင်ထဲမယ်
ချစ်သဲသက်ကို
ကဗျာဆိုပြီ
မောင်ငိုရင်းမှ
ရှိုက်ထဲကလျှင်
နာရကျဉ်ကျဉ်
ဖြစ်အင်နွဲ့သား
ယောက်ျားမှာလဲ
အသဲနဲ့ပါခင်
ကညာစင်ရယ်
ယှဉ်ပြိုင်ကင်းသော
ချစ်သဘောကို
မောင်ပြောရလျှင်
ကဗျာတွင်ဝယ်
ဘဝင်အသဲ
ချစ်မြဲသာပင်
ငိုရင်လဲလေ
ကြွေမြဲမျက်ရေ ခမ်းမကုန်ပေ။ ။
လေထဲရွက်ကြွေ လှမ်းခုန်သလိုပေ။ ။
မင်းကြည်ညို
၁၂ ၊ ၁၂ ၊ ၁၂
Posted by
Min Kyi Nyo
at
ကဗျာတစ်မျိုး
စာတန်ခိုးကား
မျိုးမျိုးရာသီ
လီလီပြောင်းလဲ
ပြောင်မြဲပြောင်မြောက်
အရောင်တောက်၏
မှတ်ကျောက်လဲတင်
သမိုင်းတွင်၏
သို့လျှင်ဆိုသော်
ကလောင်မော်၍
တော်ဝင်ပေသား
ဓါးထက်များနှင့်
ယှက်သွားယှဉ်ခိုက်
စာပေသိုက်သည်
ဖိုးထိုက်တန်ပေ့ ရှိတကား။ ။
မင်းကြည်ညို
၁၄/၁၁/၂၀၁၂
Posted by
Min Kyi Nyo
at
ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဖရုဿဝါစာဟူသော ပါဠိဝေါဟာရကိုကြားဖူးကြမည်ထင်
ပါသည်။ ဖရုဿ ကြမ်းတမ်းသော ဝါစာ စကားဟုအဓိပ္ပါယ်ရ၏။ အကုသလဝိပါက
ကံတစ်ပါးဟုလည်း မှတ်ယူရပေမည်။ သီလတရား၌လည်း ဖရုဿဝါစာ ဝေရမဏိ သိက္ခာပဒံ
သမာဒိယာမိ ဟုပါရှိပါ၏။ သို့သော် လွန်ခဲ့သော မကြာသေးသည့် ကာလတစ်ခု၏
ဖေ့စ်ဘွတ်ပေါ်၌ အနှီဖရုဿဝါစာကို ထမင်းစားရေသောက် သုံးနှုန်းနေကြသည်ကို
စိတ်မကောင်းစွာ တွေ့ရှိနေရ၏။ စာပေနယ်သမား ဘာသာရေးသမား စသဖြင့်
သမားပေါင်းအထွေထွေ အလွှာပေါင်းအမျိုးမျိုး ဆဲဆိုနေကြ၏။ ဗုဒ္ဓ၏အဆုံးမ၌
ပယ်ကန့်တားမြစ်ထားသော မကောင်းသောဖရုဿဝါစာကို နှစ်နှစ်ခြိုက်ခြိုက်ကြီး
ကျူးလွန်နေကြသည်ကို မြင်မိတွေ့မိကြမည်ထင်ပါသည်။ မကောင်းသောဝစီကံပေတည်း။
ထိုကံကြောင့်ပင် အပါယ်ငရဲသို့ လားရောက်နိုင်ကြပေသည်။ အကယ်၍
အပရာပရိယကုသိုလ်ကံ တစ်ပါးပါးကြောင့် လူ့ပြည်ပြန်လည်ရရှိသော်လည်း မတင့်တယ်
မလျောက်မပတ်နှင့် ကောင်းကျိုးသုခ အလွန်နည်းရပေမည်။ ရုပ်အဆင်းမလှခြင်း၊
အာခံတွင်းတွင် အနံ့ဆိုးများထွက်နေခြင်း စသည့်အကျိုးပေးများရရှိမည်။
ထို့ကြောင့် သံသရာရှည်စေတတ်သော မုသာဝါဒ လိမ်လည်ခြင်း အစ ဖရုဿဝါစာ
ရုန့်ရင်းကြမ်းသောစကား သမ္ဖပ္ပလာပ သိမ်ဖျင်းသောစကား ပိသုဏဝါစာ
ချိုချိုသာသာလှည့်ပတ်(အတင်းအဖျင်း)ပြောဆိုခြင်းအဆုံး အတတ်နိုင်ဆုံး
သတိထားရှောင်ကြဉ် သင့်သည်ဟုဆိုရပေမည်။ သို့သော်စာရေးသူကား ကျမ်းဂန်တတ်
စာပေအကျော်အမော် မဟုတ်လေရကား မိမိတတ်သမျှ မှတ်မိသမျှ စာပေများကိုသာ အားထား၍
ရေးရခြင်းဖြစ်ပါကြောင်း ရိုးရှင်းစွာဝန်ခံအပ်ပါ၏။ ထေရဝါဒဗုဒ္ဓဘာသာဟူသည်
ကမ္ဘာပေါ်၌ မြင့်မြတ်တည်ကြည်၍ ငြိမ်းချမ်းမှုအား အစဉ်ရှေးရှုသော
ဘာသာကြီးဖြစ်သည်။ ထိုဘာသာဝင်တို့ကပင်လျှင် ဘာသာတည်တံ့ရေးအား
ထိမ်းသိမ်းရမည်လည်းဖြစ်၏။ အခြားဘယ်ဘာသာကမှ တာဝန်ယူထိမ်းသိမ်းမည်မဟုတ်။
ဤသည်ကိုကောင်းစွာနားလည်ရပေမည်။ ကမ္ဘာအရပ်ရပ်ကလဲ စာရေးသူတို့ ဗုဒ္ဓဘာသာအား
ယဉ်ကျေးမှုဖြင့် အစဉ်အလာကောင်းသော ဘာသာအဖြစ်လက်ခံသတ်မှတ်ကြပါသည်။
ဘာသာအပေါ်တွင်ကားမဟုတ်၊ ဘာသာဝင်များအပေါ်လည်း ထိုနည်းတူစွာပင်ထင်မြင်ကြပေရာ
မိမိတို့ဘာသာဝင်များအနေဖြင့် လွန်စွာဂရုစိုက် ကြရမည်ဖြစ်သည်ဟု
ထင်မြင်မိပါသည်။ သမီးလေးလိမ္မာပါသည်ဟု ဆိုခါမှ
ယောက်မကိုမြင်းလုပ်စီးပြနေသလို ဖြစ်နေ၍မရ။ ထို့ကြောင့် ကိုယ့်ဘာသာသာသနာကို
လူအများလေးစာသည့်အားလျော်စွာ ဘာသာဝင်တို့အနေဖြင့်လဲ
ဘာသာတရားကိုင်းရှိုင်းစွာဖြင့် ယဉ်ကျေးလိမ္မာရပေမည်။ သို့မဟုတ်လျှင်
ဘာသာဝင်ကြောင့်ပင်လျှင် မိမိဘာသာသည် အရောင်ညှိုးမှန်
ဂုဏ်ရောင်သိမ်သွားနိုင်ပါသည်။ ဘာသာသာသနာအတွက်ကြီးမားသော
အန္တရာယ်တစ်ခုဖြစ်လေရကား များစွာစိုးရိမ်ရမိသည်။ မြန်မာပြည်သား
လူအများအနေဖြင့် ပညာတတ်လူရည်လူမွန်ကလေးများသာ
အင်တာနက်အွန်လိုင်းသုံးကြသည်ကို ငြင်းနိုင်ဖွယ်ရာမရှိတွေ့ရှိရပေမည်။
မိမိတို့၏အဆင့်အတန်းနှင့် စိတ်နေစိတ်ထား ဘဝတန်ဖိုးများကို ဤအွန်လိုင်းပေါ်၌
တွေ့မြင်နိုင်ရန် ၂၀ရာခိုင်းနှုန်းမျှလေ့လာနိုင်သည်ကို သတိရှိရပေမည်။
တွေ့မြင်နေရတာမဟုတ်ဘူး။ ဆဲတယ်ကွာ ကြမ်းတယ်ကွာ စသဖြင့် ရှိကြသည်ကိုလဲ
နက်သုံးသူတိုင်းတွေ့မြင်နေကြရသည်မှာ ရှက်ဖွယ်ရာပင်ဖြစ်၏။ မဆင်မခြင်
အလျဉ်စလို ထစ်ခနဲရှိဆဲဆိုနေကြသည်မှာ ယိုသူမရှက်
မြင်သူရှက်ဆိုသကဲ့သို့ရှိချေ၏။ ကမ္ဘာကိုရွာဟု တင်စားခေါ်ဝေါလာသည်နှင့်အမျှ
အွန်လိုင်းဟူသည် ရွာကဲ့သို့မဟုတ်တော့ပြီ။ ရွာတွင် ဆဲဆို ရန်ဖြစ်သည်က
ခုနှစ်အိမ်ကျော် ရှစ်အိမ်ကျော်မျှပင်သိကြမည်။ အွန်လိုင်းက
ထိုသို့မဟုတ်သည်မှာ မိမိတို့ကိုယ်တိုင်ကပင် သိပြီးဖြစ်ပါလျှက်
အဘယ့်ကြောင့်မဆင်ခြင်ကြသနည်းမူကို စာရေးသူ တွေး၍ပင်မရ။ ယောက်ျားမိန်းမ
ဣတ္ထိလိင် ပုလ္လိင် ရောထွေးလျှက်ဆဲဆိုနေကြ၏။
ကောင်းသောသူတို့အထဲတွင်မိမိပါရှိနေစေရန် ကြိုးစားသင့်လှပေသည်။
အသိမိတ်ဆွေတစ်ယောက်က မိန်းကလေးတစ်ယောက် ဆဲဆိုနေသည်ကို မိမိထံ massage
ပို့၍ပေးဖတ်သောကြောင့် စာတစ်စောင်သဖွယ် ဖတ်ရဖူးသည်။
ဖရုဿဝါစာကြမ်းကြမ်းတမ်းတမ်း စကားများကို မိန်းကလေးတန်မဲ့
သုံးနှုန်းဆဲဆိုနေသည်ကို တွေ့ရှိရပါ၏။ ထိုမိန်းကလေးသည် မြန်မာပြည်ဖွား
ဖြစ်သော်လည်း နိုင်ငံခြား၌ကြီးပွားနေပုံလည်းရသည်။ သူ့ကိုယ်သူလဲ ဘာသာသာသနာ
မရှိဟု ခံယူထားကြောင်း ပြောဆိုထားလေရာ များစွာစိတ်မကောင်းဖြစ်ရ၏။
လူဟူ၍ဖြစ်လာလျှင် ထိုလူသားသည် တိရစ္ဆာန်တို့ထက် သာလွန်သော အသိဥာဏ် အတွေးအခေါ်
သာလွန်နေသည်ကို အထင်းသားရှုမြင်တတ်ရပေမည်။ လူ့ဘဝသည် ရခဲလှသောဘုံဘဝဖြစ်သည်။
လူဖြစ်သောကာလ၌ ဗုဒ္ဓသာသနာနှင့်ကြုံတွေ့ရန်မူ လွန်စွာ့လွန်စွာ
ခဲယဉ်းလှပေသေးသည်။ ထို့ကြောင့် အသိဥာဏ်ရှိသောလူသားဖြစ်ပါလျှက်နှင့်
အဘယ့်ကြောင့် ဤကဲ့သို့ ခံယူကျင့်သုံးနေသနည်းဟူမူ ထိုသူ၏ အတီတကမ္မနှင့်သာ
ဆိုင်လိမ့်မည်ဟု ဆိုရပေမည်။ စာရေးသူအထက်မှာ ဆိုခဲ့သလိုပင် အတိတ်ဘဝက
ဗုဒ္ဓသာသနာနှင့် လွဲစေနိုင်သော အကုသိုလ်ကံများ သူ့အပေါ်၌ရှိနေပေလိမ့်မည်။
အပရာပရိယ ကုသိုလ်ကံ ထောက်မမှုကြောင့် လူ့ဘုံ လူ့ဘဝတွင် လူလာဖြစ်ရသော်လည်း
ဗုဒ္ဓသာသနာနှင့်လွဲရသည်မှာ ကြီးစွာသော အရှုံးကြီးတစ်ရပ်ပင်ဖြစ်ပေသည်။
ဗုဒ္ဓသာသနာဝင် လူသားများအနေဖြင့် မည်မျှကံကောင်းလေသနည်း။ ကုသိုလ်
အကုသိုလ်တို့ကို ခွဲခြားသိမြင်နိုင်စွမ်းသော အသိဥာဏ်တို့ထပ်ဆင့်ရရှိကြ၏။
ထားတော့။ ဘာသာမဲ့ ဘာသာခြားဖြစ်နေခြင်းအပေါ် စာရေးသူအနေနဲ့
အကျယ်မဖွဲ့လိုတော့ပြီ။
စာရေးသူအဆူခံရဖူးပုံအကြောင်းလေး ဆက်ဦးအံ့။
စာရေးသူငယ်ငယ်က တောမှာကြီး ပြင်းရသည်။ ရပ်ဓလေ့ ရွာဓလေ့မို့ အရွယ်ရောက်သော်
ဘုန်းကြီးကျောင်း၌ ပညာသင် လေ့လာဆည်းပူးခဲ့ရသေးသည်။ ထိုစဉ်က
ရွာဦးကျောင်းဆရာတော်သည် စာပေနှင့်ပတ်သက်လျှင် အပျင်းထူသည်ကို မကြိုက်လှ။
လူငယ်သဘာဝ စာကျက်ပျင်းမိသော အထဲတွင် စာရေးသူက ထိပ်ဆုံးကပါပါ၏။ ထို့ကြောင့်
စာပြန်ရမည့်အချိန်၌ ထစ်ထစ်ငေါ့ငေါ့ဖြစ်သောအခါ ဆရာတော်သည် ဒေါသမေတ္တာဖြင့်
စာရေးသူအားကြိမ်းမောင်း၏။ မည်သို့ကြိမ်းမောင်းသနည်းဟူမူ စာစပ်၍ပင်
ကြိမ်းမောင်းတော်မူ၏။ “ငပျင်းညို စာကိုမကျက် ဘုန်းဘအို အနေခက်
ဒေါသမာန်ထွက်။” ဟု စာသင်ခန်းကျောက်သင်ပုန်း၌ ရေးခဲ့ကာ “နွားများလိုပဲ
ဒီငညိုဟာ၊ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ စာမှမကျက်ပဲ”ဟုဆိုကာ
စာသင်ခန်းမှထွက်ခွါတော်မူလေသည်။ စာရေးသူလည်းငြိမ်နေမိသည်။ အနားနားက
သူငယ်ချင်းက စာရေးသူအား အနားနားကပ်ကာ ဆရာတော်က စိတ်ဆိုးတော်မူပြီဟု
သတိပေးရှာသည်။ ထို့နောက်တွင် စာရေးသူ စာကျက်စာဖတ်မပျင်းအားတော့။
စာကျက်ပျင်းမိသော မိမိအား နောက်ထပ်အကြိမ်းမောင်းမခံချင်
စိတ်သည်ကြီးစိုးခဲ့တော့၏။ ရှက်လဲရှက်ခဲ့မိပါသည်။ မခံချင်စိတ်လဲ
ဖြစ်မိပါသည်။ မိမိကြောင့်လည်း သူတစ်ပါး စိတ်အနှောင့်ယှက်မဖြစ်စေလို
ဒေါသမထွက်စေလိုတော့။ ဆရာတော်မှာ စာရေးသူအပေါ် လွန်စွာကျေးဇူးကြီးသူဖြစ်၏။
ကရုဏာဒေါသကြောင့်သာ တပည့်ရင်းအား နွားနှင့်နှိုင်းရခြင်းဖြစ်သည်ဟု
နားလည်ခံယူခဲ့၏။
ဒေါသအမျက် အထွက်ခံရသော အဆဲအဆိုခံရသောသူ၌လည်း
စိတ်ခံစားမှုသည် ချမ်းသာရာမရှိ။ ထို့ကြောင့် အကုသိုလ်စိတ်ဒေါသ
အရင်းခံကြောင့် ဖြစ်ပေါ်လာသော ဆဲဆိုရိုင်းစိုင်းကြမ်းတမ်းမှုသည်
ဆုတ်ယုတ်ဖွယ်မျှသာဖြစ်၏။ အကျိုးမရှိ ရှက်ဖွယ်အတိလည်း ဖြစ်လေရကား
များစွာရှောင်ကြဉ်သင့်လှပေ၏။ မိမိနှုတ်ကြမ်း၍ မိမိသာအမည်ဆိုးရမည်မဟုတ်။
နှုတ်ကြမ်းသောသူများကို အမိယုတ်ကမွေးသည်ဟု မြန်မာတို့
မှတ်ယူလက်ခံကြလေသောကြောင့် မိမိတင်မဟုတ်ပါပဲ မိမိအား မွေးဖွားပေးလိုက်သော
မိခင်ပါနာမည်ဆိုးရလေသည်။ မည်မျှဆိုးလိုက်ပါသနည်း။
ဤကဲ့သို့ဆိုးရွားသော ဖရုဿဝါစာ(ဝါ)ကြမ်းတမ်းသော
စကားသည် အပြောလွယ်သလောက် အပြစ်ရသည်လည်း လွန်စွာလွယ်ကူသောကြောင့်
မပြောဆိုမိစေရန် စောင့်စည်းရမည်မှာ အမှန်ပင်ဖြစ်သည်။
ဗုဒ္ဓသာသနာနွယ်ဝင်တို့အဖို့မူ ယောက်ျား မိန်းမ မည်သည့်လိင်မဆို
ပို၍ပင်စောင့်ထိမ်းသင့်သည်။ ဗုဒ္ဓရှုံ့ချသော အပြစ်။ ထိုအပြစ်ကို
နှစ်နှစ်ခြိုက်ခြိုက်ကြူးလွန်နေကြသော သူတို့အဖို့
မည်မျှရင်လေးစရာကောင်းပါသနည်း။ သံသရာခရီးအတွက် ခလုပ်ကန်သင်းပါပေ။ မုသားမပါ
လင်္ကာမချောဟူသော လျှောက်လဲချက်ကြီးက ယခုခောတ် လူငယ်တို့အဖို့
အနှီသောအရာတို့အတွက် အဆင်ပြေနေကြသည်။ အဆိုးကြီးတစ်ရပ်ဟု ထင်မိသည်။
ထို့ကြောင့်ပင်လျှင် အမှားကြာသော် အမှန်ဟု လူအများလက်ခံနေကြတော့သည်။
အမှန်တရားသည် မည်မျှပင်ကြာစေကာမူ အမှားမဖြစ်နိုင်သကဲ့သို့ အမှားဟူသည်လည်း
မည်မျှပင်ကြာစေကာမူ အမှန်မဖြစ်နိုင်ချေ။ မုသားမပါလင်္ကာမချော ဟူသောအရာသည်
များစွာသောလူတို့လက်ခံကျင့်သုံးနေသော်လည်း ရေများ၍မီးကို
နိုင်ချင်နိုင်လိမ့်မည်။ အမှားများ၍ အမှန်ကိုတော့ မနိုင်တန်ရာ။ အမှန်တရားက
မှန်မြဲမှန်နေမည်သာဖြစ်ပေသည်။ စကားအရာ၌ မှန်မှန်ကန်ကန်ဖြင့် ပီယဝါစာ
ချစ်ဖွယ်သောစကားကို ဆိုတတ်ပြောတတ်ရန်သာပြုမူရပေမည်။
မည်သို့ချိုသာပြောဆိုရမည်ကိုကား မိမိဘာသာလေ့လာ နာယူကျင့်သုံးမှသာလျှင်
သိရှိမည်။ လွယ်ကူသော အပြုအမူလည်းဖြစ်သည်။ သူကသင်ပေးမှ ကိုယ်ကသင်ပေးမှဟူ၍
မရှိ။ ကိုယ်လုပ်မှကိုယ်ရမည့်အရာ ဖြစ်ပေသည်။ မလုပ်နိုင်ရန်လည်း
အကြောင်းမရှိဟု ဆိုချင်ပါသည်။ ဗုဒ္ဓွနာသာသနာဝင် လူမျိုးများအနေဖြင့်
လွန်စွာလွယ်ကူ၍ အကျိုးများသော ပီယဝါစာသည် သာသနာဝင်တိုင်းစောင့်ရှောက်အပ်သော
အရာတစ်ခု ဖြစ်သည့်အားလျော်စွာ မိမိကြောင့် မိမိဘာသာသာသနာ
သိက္ခာကျဆင်းမှုများ ထိမ်းသိမ်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း…။ ။
စကားအလင်္ကာချိုသာစွာပြောတတ်ကြပါစေ။ ။
မင်းကြည်ညို

ဓါတ်ပုံကို Buddhism (ဘုရားပုံတော်များ)မှ ကူးယူဖော်ပြပါသည်။
Posted by
Min Kyi Nyo
at
မနက်ခင်းလေးက ကြည်လင်ချိုမြနေသကဲ့သို့ရှိ၏။ ကျွန်တော်သည်
လမ်းလျှောက်ထွက်ရာမှအပြန် ရေချိုးပြီးကွန်ပြူတာဖွင့်ကာ
ကွေကာအုပ်ကလေးဖျော်၍သောက်နေ၏။ ထိုခဏ၌ ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်ရာ
ရုံးကဖုန်းဖြစ်နေ၏။ စောစောစီးစီးဖြစ်နေ၍ အကြောင်းရှိလိမ့်ဟုထင်ကာ
ကိုင်လိုက်၏။ “ဆရာရေ အိပ်ယာထပြီလား၊ pet food မှာ ပြဿနာဖြစ်နေလို့ပါ။
ဖြစ်နိုင်ရင် ဆရာ့ကို
ကိုတွေ့ချင်တယ်လို့ customer ကပြောနေပါတယ်။”
ကျွန်တော်လဲ သိပ်ဇိမ်မခံဖြစ်တော့ အလုပ်သို့ ရေဗူးနှင့် အိပ်ကိုဆွဲကာ
ခပ်သုပ်သုပ်ပြေးရလေတော့သည်။ pet food မှာဆိုတော့
ကျွန်တော်တွေးမရအောင်ဖြစ်၍နေသည်။ ပုံမှန်အားဖြင့် ဘီစကွတ် အချိုရည်စသည့်
can food များ၌သာ အဖြစ်များလေရာ ယခုတော့ Pet food ဆို၍ နားမလည်နိုင်ပဲရှိ၏။
ဘာပဲဖြစ်ဖြစ် အလုပ်ရောက်မှ သေချာစုံစမ်း မေးမြန်းပေတော့မည်ဟု
ဆုံးဖြတ်ခဲ့ရသည်။
အလုပ်ရောက်တော့ customer မိသားစုနှင့်အတူ
ကျွန်တော်၏ဝန်ထမ်းတစ်ချို့စောင့်နေသည်ကိုတွေ့ရ၏။
အကျိုးအကြောင်းမေးကြည့်တော့ ၄င်းcustomer မိသားစုထဲမှ လူငယ်တစ်ယောက်က
“ဒီလိုဗျာ ကျွန်တော် မနေ့က ကျွန်တော့်ကြောင်လေးအတွက် အစာဝယ်သွားတာပါ
။အဲဒီမှာ ကျွန်တော်ကလဲ သေချာဂရုမစိုက်မိတော့ ဝယ်သွားတဲ့ကြောင်စာအထုတ်ကို
သတိမထားဘူးဗျ ။ ကျွေးပြီးတော့ ကြောင်ကလေးက အန်တယ်ဗျ။ ကျွန်တော်လဲ
ဘာဖြစ်လဲပေါ့၊ နေများမကောင်းတာလားဆိုပြီး ဆေးခန်းသွားပြတယ်။ ဆရာဝန်က
အစာအဆိပ်သင့်တယ်၊ ဘာကျွေးမိပါသလဲ ဆိုမှ ကျွန်တော်က
သူကြိုက်တဲ့အစာထုတ်ကလေးကို သတိရမိတော့တယ်။ အိမ်ရောက်တော့ ကြည့်လိုက်ရာမှာ
ဆရာတို့ရောင်းတဲ့ ကြောင်စာက EXP (ရက်လွန်သောပစ္စည်း) လွန်တယ်ဆိုတာ
သိရတယ်ဗျာ၊ ဟောဒီမှာကြည့်ပါဗျာ” ဟုဆိုကာ သူဝယ်သွားသော ကြောင်စာထုပ်ကလေးကို
ပြ၏။
ကျွန်တော်လဲဘာမှပြောမနေတော့ပဲ “ကျွန်တော်တို့အနေနဲ့
အလွန်ပဲရှက်မိပါတယ်။ ခွေးစာကြောင်စာတွေကို လူ့အစားအသောက်လောက်
သေချာဂရုမစိုက်မိခဲ့ပါဘူး။ ဒါ့ကြောင့်တောင်းပန်ပါတယ်။ အဲဒီအတွက်
ကျွန်တော်တို့ဘက်မှ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်။
ကြောင်အတွက်ဆေးဖိုးဝါးခအပြင် အစားအသောက်များကိုလဲ
လက်ဆောင်ပေးပါမယ်”စသည်ဖြင့် ပြောလေရာ ထိုကြောင်ပိုင်ရှင် customer က
မကျေနပ်ပဲရှိနေ၏။ မျက်နှာရိပ်မျက်နှာကဲကြည့်နေသော ကျွန်တော်က
မကျေမနပ်ဖြစ်နေသော သူတို့အား အမှန်ပင်တောင်းပန်၍ လုပ်ပေးနိုင်သည်အထိ
လိုက်လျောပေးပါ၏။ စကားပြောရအလွန်ခက်၏။နောက်ဆုံး မရတော့သည့်အဆုံး
ကျွန်တော်လဲ ဘာမှမတတ်နိုင်တော့။ သူတို့က ကြောင်အစားထိုးလိုချင်သည်ဟုပြော၏။
ခက်လိုက်ပါဘိ။ နောက်ဆုံးနည်းတစ်ခုအနေဖြင့် ရက်ချိန်းရွှေ့ဆိုင်းကာ
ထိုကြောင်ပိုင်ရှင်အား နောက်တစ်ပတ် တနင်္လာနေ့တွင် အဖြေအတိအကျနှင့်အတူ
ကျေနပ်သည်အထိ ဆောင်ရွက်ပေးပါမည်ဟု ကတိဝန်ခံလိုက်ပါသည်။ ထို customer သည်
ကတိအတွက် သက်သေအထောက်ထားလိုချင်သည်ဟု ဆက်၍အဓွန့်တက်ပါ၏။
ကောင်းပါပြီဟုပြောပြီး မိမိလည်း ဘောလ်ပင်နဲ့ပင် agreement သဘောမျိုး
စာရွက်ပေါ်တွင်ရေးကာ sign ထိုးပေးလိုက်တော့ သူက အီးမေးလ် ဖုန်းနံပါတ်
လိပ်စာတို့ကိုပေးကာ ပြန်သွားလေတော့၏။ မိမိလည်း ထို pet food
များထားရာနေရာသို့
အစောတလျင်ပြေး၍ ကြည့်တော့၏။ ကံဆိုးလေစွသော ထို
customer သည် တစ်ထုပ်တည်းသော EXP ဖြစ်၍နေသောထိုကြောင်စာထုပ်အား
ဝယ်သွားမိပုံရသည်။ ကျွန်တော်လဲ ချက်ချင်းပင် ထိုကြောင်စာရောင်းသော
ကုမ္ပဏီသို့ ဖုန်းဆက်ကာအကြောင်းကြားလိုက်ပါသည်။ ထိုကုမ္ပဏီမှလည်း
ချက်ချင်းပင် လာခဲ့မည်ဟုဆိုကာ နှစ်နာရီအကြာတွင် ရောက်လာကြသည်။
ရုတ်တရက်အစည်းအဝေးခေါ်ကာ ညှိနှိုင်းကြသည်။ ကုမ္ပဏီလူကြီးတွေကလဲ
ကြောင်တစ်ကောင်၏ အသက်တစ်ချောင်းကို လူတစ်ယောက်၏ အသက်တစ်ချောင်းပမာ
အလေးထားကြသည်။ ကျွန်တော်တို့အဖွဲ့၏ အဆုံးအဖြတ်အပေါ်ကိုသာ
အလေးပေးဆောင်ရွက်မည်ဟု ပြောကြသည်။ မိမိကလည်း customer ၏
အလိုကိုသာလိုက်လျောချင်ကြောင်း ပြောပြရာ သူတို့ကုမ္ပဏီအနေဖြင့်
ကြောင်သွားဝယ်ပေးရန် မဖြစ်နိုင်ကြောင်းပြော၏။ မိမိလည်းနားလည်ပါ၏။ သို့ဖြင့်
customer သို့ဖုန်းဆက်အကြောင်းကြားရာ သူတို့အနေဖြင့်
ဘာမှမပြောလိုတော့ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် တရားရေးဘက်တွင်သာ
ဖြေရှင်းရန်ပြောလာသဖြင့် မိမိရော ကုမ္ပဏီလူကြီးများပါ ခေါင်းရှုပ်သွားကြ၏။
ထိုသို့ကျန်းမာရေးဝန်ကြီးဋ္ဌာန၌ ဖြေရှင်းလျှင်
အမှုကပိုကြီးပေတော့မည်။အလုပ်လဲပျက်ပေလိမ့်မည်။ သို့နှင့် မိမိမှအနူးအညွတ်
တောင်းပန်ပါကြောင်း အကယ်၍ကျေနပ်နိုင်ပါလျှင် ကြောင်အစားထိုးအတွက်
ကြောင်၏တန်းဖိုးနှင့်ညီမျှသော ငွေကြေးပမာဏ ကိုပေးလျော်ပါမည်ဆိုသည်တွင်
customer ဘက်မှ အနည်းငယ်မျှ ငြိမ်သက်သွားကာ ခဏကြာမှ အဲသလိုသာဆိုရင်
ကျေနပ်ပါသည်ဟုဆိုလေသည်။ နောက်နောင်ကို ဤကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သော
အစားအသောက်တို့ကို မရောင်းမိစေရန်နှင့် EXP တို့ကိုဂရုတစ်စိုက်
စစ်ဆေးစောင့်ကြပ်ရန် သတိပေးပြောဆို၏။ ကြောင်၏တန်ဖိုးကိုလဲ
သူတို့ကဖွင့်ပြောလေတော့သည်။ ကျွန်တော်တို့ဘက်မှလဲ
“ဟုတ်ကဲ့ကောင်းပါပြီခင်ဗျား”ဟုဆိုကာထိုကိစ္စကိုအဆုံးသတ်ဆောင်ရွက်လိုက်ရတော့၏။
ထို့နောက် ကျွန်တော်တို့လဲ လူစုခွဲကာ အစည်းဝေးကိုအဆုံးသတ်လိုက်တော့၏။
နောက်တနင်္လာနေ့တွင် ထိုcustomer မိသားစု အားအကြောင်းကြား၍
ကတိပြုထားသည့်အတိုင်း ပေးလျော်ရခဲ့ရတော့၏။ ထို့နောက်ကျွန်တော်တွေးမိသည်မှာ
ဤကဲ့သို့သော အဖြစ်အပျက်မျိုး ကိုယ့်နိုင်ငံ၌သာ ဖြစ်လိုက်မည်ဆိုလျှင်
မည်မျှကောင်းလေမည်နည်းဟု တွေးမိ၏။ တွေးရင်းလဲ ပြုံးမိပါသေး၏။
ကျွန်တော်တို့နိုင်ငံတွင် များသောအားဖြင့် ယခုကဲ့သို့သော
ပြဿနာဖြစ်ပေါ်ခဲ့လျှင် မည်သို့ဆောင်ရွက်ကြလေမည်နည်း။ တွေးမိ၏။ တွေးတိုင်းလဲ
အဖြေသည်တိတိကျကျမပေါ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့နိုင်ငံသည်
များသောအားဖြင့် တောနေလူထုက ပို၍များ၏။ အရှင်းဆုံးပြောရလျှင်
ထိုတောနေလူထုသည် အစားအသောက် ကျန်းမာရေးဗဟုသုတ နည်းနေသေးသည်။
ခောတ်နောက်ကျနေခြင်းဟု ပြောလျှင်လဲ လွန်မည်မထင်ပေ။ အစိုးရနှင့်ပတ်သက်သည့်
အစားအသောက်ကွပ်ကဲမှုပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ကြီးဋ္ဌာနများသည်လည်း
အလွန်အားနည်းနေသည်ကို အထင်းသားတွေ့နေရသေးသည်။ ယခုကျွန်တော်ကြုံတွေ့လိုက်သော
အဖြစ်အပျက်သည် ပုံမှန်အားဖြင့်ကြည့်လျှင် ကြီးကျယ်သော
ပြဿနာကြီးမဟုတ်ပေမယ့် တကယ့်တကယ် တွေးကြည့်လိုက်တော့
သူတို့လုပ်ပိုင်ခွင့်ကို အပြည့်အဝတောင်းဆိုသွားသည်မှာ နမူနာယူသင့်ပေသည်။
အကယ်၍ ကျွန်တော်တို့ဘက်မှ ငြင်းဆိုခဲ့ပါမူ၊ မလိုက်လျောခဲ့ပါမူ သူတို့ဘက်က
ရှေ့ဆက်လုပ်စရာတွေကို ဗဟုသုတ အပြည့်ဖြင့် မြင်နေကြ၏။ ကျွန်တော်တို့ဘက်မှလဲ
သူတို့အတွက် လုပ်ပေးသင့်သည်များကို အတိတကျပင် လုပ်ပေးရ၏။ သူ့လမ်းကြောင်း
ကိုယ့်လမ်းကြောင်းကို
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် နှစ်ဦးနှစ်ဖက်
ညှိထိမ်းပေးသကဲ့သို့ ရှိနေသဖြင့် အလွန်ကောင်းမွန်သော
ဓလေ့စရိုက်တစ်ခုဖြစ်ပါ၏။ ကျန်းမာရေးဝန်ကြီးဋ္ဌာနများသည်လည်း တစ်ပတ်ကို
တစ်ကြိမ်မျှ ဈေးမှအစ ကုန်တိုက်ကြီးများအဆုံး အစားအသောက်နှင့်
ပတ်သက်သည်များကို လှည့်လည်စစ်ဆေးကြ၏။ အစားအသောက်သိုလှောင်
သိမ်းဆည်းမှုများကို ကြည့်ရှုစစ်ဆေး၏။ တစ်ခါတွင် အချိုရည်ဗူးအချို့နှင့်
ခြင်ဆေးခွေများ ရောနှောနေသည်ကို တွေ့၍သတိပေးခြင်းခံရသည်။ ဤကဲ့သို့သော
အလေ့အထများ ကျွန်တော်တို့ မြန်မာနိုင်ငံ၌သာရှိနေပါမူ
အလွန်ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်သည်နှင့်အ
ညီ လူထုအနေနှင့်
ကျန်းမာရေးဗဟုသုတကိုလည်း ရကြပေမည်။ ထို့အတူ ကျွန်တော့်ကိုယ်၌လည်း ဗဟုသုတ
အတွေ့အကြုံရသည်နှင့်အမျှ ဤသို့သောကိစ္စများကို ကိုယ့်နိုင်ငံ၌သာ
ဖြေရှင်းလိုက်ချင်ပါသည်။ သို့ပေမယ့် အမှန်ဖွင့်ဆိုရပါမူ
ကျွန်တော်တို့နိုင်ငံတွင် ယခုသို့သောပြဿနာသည်
လူရီ(ရယ်)စရာဖြစ်နေလိမ့်မည်ဟုလည်း တွေးထင်မိပါ၏။ ကျွန်တော်ကိုယ်တိုင်လည်း
တအံ့တသြဖြစ်မိသည်နှင့်အတူ အကောင်းဆုံးဖြစ်အောင်ကြိုးစား
ဆောင်ရွက်ခဲ့ပါသည်။
အခြားများစွာသော ကိစ္စပြဿနာများကိုလည်း ဖြေရှင်းဖူးပါသည်။
သို့သော်ဤယခုတင်ပြခဲ့သော ပြဿနာသည် သေးငယ်သည်ဟု ထင်ရလင့်ကစား တူညီမျှတသော
လူ့အဖွဲ့အစည်း၏ သဘောသဘာဝကိုထင်ဟပ်စေရုံသာမက ပညာယူသင့်သော
ဘဝသင်ခန်းစာတစ်ရပ်ဖြစ်သည်ဟုလည်းယူဆမိပါသည်။ ထိုကဲ့သို့သော သင်ခန်းစာများကို
ကျွန်တော်တို့နိုင်ငံ နေပြည်သူလူထုကိုလဲ ရစေချင်မိသည်။ လူတစ်ယောက်နှင့်
ကြောင်တစ်ကောင်တို့၏အသက်ကို တစ်ထပ်တည်းထားသော သာဓကကို အစိုးရမှလဲ
ကျန်းမာရေးနှင့် ပတ်သက်သည့် အခြေခံဗဟုသုတ ဟောပြောပွဲ ပညာပေးပွဲများကို
ကျေးလက်ကျန်းမာရေးမှစ၍ ပြည်သူလူထုသို့ တင်ပြပြုလုပ်သွားမည်ဆိုလျှင်
အလွန်အားရစရာကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ်ဖြင့်
ထင်မြင်သုံးသပ်တင်ပြလိုက်ရပါကြောင်း တင်ပြရင်း။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
“လောက၌ အသက်၌ အသက်ခြောက်ဆယ်အရွယ် လူငယ်တို့ရှိသလို၊
ဆယ့်ခြောက်နှစ်အရွယ် လူကြီးတို့ရှိနေ၏။” ဤကားဆရာကြီးတက်တိုးမိန့်ဆိုခဲ့သော
စကားပေတည်း။ ဆိုလိုရင်းကိုပြန်တွေးသော် လွန်စွာမှန်ကန် လှသော ဆရာကြီး၏
အတွေးအခေါ်ကြောင့် ဆရာကြီးအား ကြည်ညိုလေးစားမိရသည်။ စာရေးသူတို့
မျက်စိရှေ့တွင် မြင်တွေ့နေကြရသော အရိပ်တို့အထဲ ထိုစကားနှင့် လျော်ညီစွာ
ကြုံတွေ့နေကြရသည်။ လူငယ်အချို့။ လူငယ်ဆိုပေမယ့် အသက်ခြောက်ဆယ်အရွယ်
အတွေးအခေါ်တို့ဖြင့် အသိဥာဏ်တို့မှာ မယုံနိုင်စရာ ကြီးမားမြင့်မြတ်နေကြ၏။
အသက်ခြောက်ဆယ်အရွယ် လူကြီးအချို့မှာမူ အသက်အရွယ်နှင့်မမျှအောင်
အတွေးအခေါ်အသိဥာဏ်က ခေါင်းပါးနေကြသည်လည်းရှိ၏။ အသိဥာဏ်က ကလေးအရွယ်မျှသာ။
ဤသည်ကိုပင် ဆရာကြီးတက်တိုးက ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အသိဥာဏ်အတွေးအခေါ်နှင့်ပတ်သက်၍ တိုးတက်ရင့်သန်မှုရှိစေရန် စာဖတ်သင့်သည်ဟု
အနီးကပ်ဆုံး အလွယ်ဆုံးတင်ပြလိုပေသည်။ ထိုသို့စာဖတ်ရာတွင်လဲ
ဖတ်ရုံနှင့်မပြီးပဲ တစ်ခါတည်းမှတ်သားသွားရန် လိုနေပေသေးသည်။
စာဖတ်သူတစ်ချို့တွင် စာကိုဖတ်ပါ၏။ သို့သော် ဖတ်ပြီး၊ ပြီးပြီဟုသာ
ဆိုရပေမည်။ စာရေးသူ ဘာကိုရည်ရွယ်၍ ရေးသွားသလဲ၊ မှတ်သားစရာ ဘာတွေရှိသလဲကိုမူ
မှတ်မထားပဲ ရှိကြသည်လည်းရှိနေကြ၏။ တစ်မျက်နှာပြီး တစ်မျက်နှာ
မေ့ကာသာဖတ်သွားလျှင် ဘာအကျိုးမျှ ရှိမည်မဟုတ်ပဲ အချိန်ကုန်၍
မျက်လုံးသာညောင်းပေမည်။ ထိုသူသည် စာအုပ်တစ်အုပ်လုံးပြီးအောင်
ဖတ်သွားသော်လည်း၊ လမ်းဘေးအမှိုက်ပုံထဲက စာရွက်တစ်ရွက်ကို ကောက်ခါဖတ်၍
မှတ်သွားသော အမှိုက်ကောက်သည့် ကလေးငယ်မျှလောက်ပင် အသိဥာဏ်တိုးတက်လာမည်
မဟုတ်ပေ။ ထို့ကြောင့် စာအုပ်စာပေ လူ့မိတ်ဆွေဟု အဆိုရှိသော်လည်း
စာအုပ်များရှိနေပါလျှက် ကိုယ်ကမှ မိတ်ဆွေမဖွဲ့တတ်လျှင် စာအုပ်မိတ်ဆွေ
စာပေမိတ်ဆွေ ဖြစ်မလာနိုင်။ လူသည် အသိဥာဏ်ရှိသော သတ္တဝါဖြစ်သည်။
ထိုအသိဥာဏ်ကို ရင့်သန်၍ အမြင်မှန်စေရန် စာဖတ်သင့်ပါသည်။ စာရေးသူတို့ ယနေ့
ကမ္ဘာကြီးသည် တစ်စတစ်စ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ထိုပြောင်းလဲမှု
အရာဝတ္ထုသဘောတရားများကို သဘောပေါက်နားလည် နေစေရန် အသိဥာဏ်ရှိဖို့လိုသည်။
အတွေးအခေါ်ရှိနေဖို့လိုသည်။ ထို့ကြောင့် စာဖတ်ရမည်ဟု ဆိုရခြင်းဖြစ်ပေသည်။
စာဖတ်သည်တွင်လည်း စာအမျိုးမျိုးရှိနေပြန်၏။ နည်းပညာပိုင်းဆိုင်ရာ၊ လူမှုရေး၊
ကျန်းမာရေ၊ ပညာရေး၊ စီးပွားရေး၊ ကဗျာ၊ ဝတ္ထု၊ ကာတွန်း စသည်ဖြင့်
များစွာရှိပါ၏။ ဤတွင် စာရေးသူတစ်ချက် ပြောလိုသည်မှာ မည်သည့်စာပေကိုမဆို
ဖတ်မှတ်သင့်သည်ဟု ပြောလိုခြင်းပင်ဖြစ်သည်။ စာဖတ်ခြင်းသည်
ပင်ပန်းကြီးသောအရာမဟုတ်။ တစ်ချို့စာဖတ်ပရိသတ်များဆိုလျှင် စာတစ်အုပ်နှစ်
ဇိမ်လုပ်လိုက်ဦးမည်ဟုပင် ပြောဆိုတတ်ကြပေသည်။ စာပေမှပေးသော အသိဥာဏ်များသည်
အကျိုးမနည်းလှ။ ပင်ပန်း၍၊ အချိန်မရ၍ စာမဖတ်ဖြစ်သော်လဲ အလုပ်နားရက်
ရုံးပိတ်ရက်ကလေးများတွင် စာဖတ်ခြင်းဖြင့် အပန်းလဲဖြေ
ဗဟုသုတလဲရယူနိုင်သည်မှာ ငြင်းစရာအချက်မဟုတ်ပါတကား။
စာဖတ်ဝါသနာရှင်များအဖို့မူ ဤ အချက်ကလေးအား အလွတ်မခံနိုင်ကြပေ။
အချိန်ရလျှင်ရသလို စာဖတ်ကြသည်။ လေ့လာဆည်းပူးမှုဖြင့် သင်ယူကြသည်။
အချို့မှာမူ အိမ်၌ စာအုပ်များစွာရှိနေသော်လည်း စာဖတ်ရန်
ဝန်လေးနေသကဲ့သို့ရှိနေကြ သည်။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်မှာမူ
အိပ်မပျော်သောညများ၌သာ စာဖတ်လိုသည်ဟု ပြောဖူးပါ၏။ အဘယ့်ကြောင့်နည်းဟူမူကား
စာမျက်နှာ လေးငါးမျက်နှာလောက်ဖတ်ပြီးလျှင် မျက်လုံးက အလိုလိုအိပ်ချင် သည်၊
အိပ်ပျော်သွားသည် ဟုဆိုလေသည်။ စာအုပ်သည် သူ့အတွက် အိပ်ဆေးသဖွယ်
ဖြစ်နေသည်ဟုပြော၏။ စာရေးသူအနေဖြင့် ဘာမျှမပြောလိုပါ။ ယနေ့မြင်တွေ့နေရသော
မြင်းကွင်းများက ထိုသို့မဟုတ်။ များစွာသော လူငယ်တို့ ဖြစ်နေကြသည်မှာ
နေ့စဉ်နှင့်အမျှဆိုသလိုပင် ဂိမ်းထိုင်ဆော့နေကြတော့သည်။ ဂိမ်းဟူသောအရာကို
စာပေထက်ပင် ပိုမိုခင်တွယ်လာကြသည်။ အဆိုးဆုံးပြောရလျှင်
ကျောင်းသူကျောင်းသားများစွာတို့သည် ကျောင်းသို့မရောက်ပဲ
ဂိမ်းဆိုင်သို့ရောက်ကုန်ကြတော့၏။ များစွာစိုးရိမ်ရသော အချက်ပေတည်း။
စာရေးသူတို့မြန်မာပြည်၌ အင်တာနက်ဆိုင်များသည် အရင်ကနဲ့မတူ တစ်မူထူးခြား
အမြောက်အများ ဖွင့်လာကြသည်မှာ ထိုအချက်ကြောင့်လည်း ပါပါ၏။
ကျောက်ဆည်မြို့နယ် တောမရွာအနီး ကျောက်ဆည်တက္ကသိုလ် ပတ်ဝန်းကျင်ရှိ
အင်တာနက်ဆိုင်များတွင် တစ်ခါတစ်ရံ နှစ်ဆယ့်လေးနာရီအပြည့်
ဆိုင်မပိတ်လိုက်ရပဲ ရှိနေခဲ့သည်ဟု သူငယ်ချင်းအင်တာနက်ကဖေးဆိုင်ပိုင်ရှင်
တစ်ယောက်ကပြောဖူး၏။ “ဘာတွေ လုပ်ကြတာလဲ”ဟု စာရေးသူက မေးမိရာတွင်
“ဂိမ်းဆော့နေကြတာ ဆရာရေ.. တစ်ချို့ကတော့ လိုင်းပေါ်ကနေ ဖွန်ကြောင်တာပေါ့”
ဟုပြောတော့ စာရေးသူမှာ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်ကာ “သြော်” ဟု သာ
သူငယ်ချင်းဖြစ်သူ၏ အဖြေကို နာကြားမှတ်သားခဲ့ရပါတော့၏။
ပေါ့ပေါ့တန်တန်တွေးလျှင် ဘာမှဖြစ်မည် မဟုတ်ဟုထင်ရသော်လည်း
နောင်အရှည်အရေးကိုတွေးလျှင် လူငယ်တို့အဖို့ လွန်စွာရင်လေးဖွယ်ကောင်းနေ
သည်မှာ အမှန်ပင်ဖြစ်သည်မဟုတ်ပါလား။ အွန်လိုင်းအင်တာနက်သည် သုံးတတ်လျှင်ဆေး၊
မသုံးတတ်လျှင်ဘေး ဟုပြော၍ရနိုင်ပေသည်။ ကျောင်းသူကျောင်းသားအချို့သည်
အင်တာနက်အသုံးပြု၍ စာရှာကြသည်။ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကို
ရှာဖွေကြသည်။ အကျိုးရှိသောအရာဖြစ်၏။ အဓိက အနေဖြင့် အသုံးပြုတတ်ရန်သာ
အရေးကြီးပေသည်။ သို့သော် ဒွန်တွဲနေသော နိယာမသဘောအရ အကောင်းဘက်ကို
ဦးတည်နေသောသူတို့ရှိသလို ၊ အဆိုးဘက်ကိုဦးတည်နေသောသူတို့လည်း ရှိနေတတ်ပါ၏။
ဤတွင် မိမိကိုယ်၌က အကောင်းဘက်သို့ ဦးတည်နေသောသူများ စာရင်းတွင်
ပါဝင်နေစေရန် ကြိုးစားပြုမူသင့်ပေသည်။
စာအုပ်စာပေတို့ဖြင့် အသိဥာဏ်တို့ကို
ပေါက်ဖွားမွေးမြူပါ။ ထိုအသိဥာဏ်တို့ဖြင့် အတွေးအခေါ်တို့ကို ဖြန့်ကျက်ပါ။
ထိုအတွေးအခေါ်တို့ဖြင့် အဆိုးအကောင်း ခွဲခြားပါဟု စာရေးသူအနေဖြင့်
ယနေ့လူငယ်အချို့ကို ပြောလိုပေသည်။ လူငယ်အချို့ဟု ရည်ရွယ်ပြောဆိုရခြင်းမှာ
အထွေအထူးတင်ပြစရာ မလိုဟုထင်သည်။ အချို့က အသိဥာဏ် အတွေးအခေါ် အဆိုးအကောင်း
ရှင်းရှင်းလင်းလင်းသိကြ၏။ အချို့မှာ မူ တိမ်ဖုံးနေသော နေလပမာ
အလင်းမဖြာနိုင်ကြသောကြောင့်ပင်ဖြစ်ပေသည်။ ဤမျှဆိုသော် စာရေးသူ၏သဘောကို
နားမလည်နိုင်သူမရှိပြီဟု ထင်မြင်မိပါသည်။ စာပေနှင့်ပတ်သက်၍
ရေးသားပြောဆိုခဲ့ကြသော ရှေးပညာရှိ စာရေးဆရာကဝိတို့ များစွာရှိခဲ့
မိန့်ကြားခဲ့သော်လည်း စာပေဂုဏ် စာပေအကျိုးသည် ကုန်လွန်သွားမရှိပေ။
ချီးမွမ်း၍မကုန်နိုင်သလို စာပေကပေးသော အသိဥာဏ်အတွေးအခေါ်တို့သည် နက်ရှိုင်း၍
အလွန်တန်ဖိုးကြီးလှသည်မှာ ငြင်းပယ်စရာမရှိ ဖြစ်ခဲ့သည်။ ဤအချက်ကို
ယနေ့ခောတ်လူငယ်များ လေ့လာနာယူ သင့်လှသလို စာရေးသူများအနေဖြင့်လည်း
မိမိတို့၏ ဝမ်းရေးကို ရှေးရှုမပြုပဲ စာဖတ်ပရိသတ်အပေါ် စေတနာဖြင့်
ရေးသားကြရန်လိုပေသည်။ မိမိရေးသောစာသည် မိမိဝမ်းဝ ခါးလှဖို့ထက် စာဖတ်ပရိသတ်
သုတအတွေးအခေါ်ပွားဖို့ ရည်မျှော်ရပေမည်။ သို့မဟုတ်လျှင် စာပေသည်လည်း
အရောင်တောက်ပြောင်မှု အားနည်း၍ ဆုတ်ယုတ်သွားနိုင်ပေသည်။
စာရေးဆရာများဘက်မှလည်း ဤအချက်ကို အလေးထားဆောင်ရွက်ရန် လိုပေသည်။
စာရေးဆရာသည် ဝမ်းစာအတွက် ရေးသူဖြစ်ချင်လဲ ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ်
ကျောင်းဆရာများကဲ့သို့ နာသုံးနာဖြင့် ရေးသည်လည်း ဖြစ်ချင်ဖြစ်မည်။
မည်သို့ပင်ဖြစ်စေကာမူ စာဖတ်သူအပေါ် တစ်စုံတစ်ရာ အကျိုးပေးစေသော
စာများဖြစ်နေရပေမည်။ သို့ရှိမှသာလျှင် စာရေးသူနှင့်စာဖတ်သူ တစ်နည်းဆိုရသော်
စာပေလောကသည် မြေကမ္ဘာနှင့် လပမာ တည်မှီရာဖြစ်ပေလိမ့်မည်ဟု ဆိုချင်သည်။
မြန်မာစာပေတောက်ပြောင်ခဲ့ခြင်းသည် စာရေးသူ စာဖတ်သူတို့
အပြန်အလှန်ရှိနေခြင်းကြောင့် ဖြစ်သည်ဟုမှတ်ယူမိပါသည်။ ဤနေရာတွင်
လက်ဆင့်ကမ်း ဗဟုသုတကို တင်ပြလိုသည်။ ဗဟုသုတကို လက်ဆင့်ကမ်းရာတွင်
ရှေးလူကြီးများ ပုံပြင်ပြောပြသကဲ့သို့ ဤခောတ်တွင်ဖြစ်နိုင်ရန်
အလွန်ခက်ခဲပါသည်။ ရှေးခောတ်က ညအခါအိမ်ရှေ့ကြမ်းပြင်တွင် လူကြီးသူမများက
ကလေးသူငယ်များကို ပုံပြင်ပြောပြသလို ပြောပြ၍ လူမိုက်နှင့် မပေါင်းအပ်
ပညာရှိလူလိမ္မာတို့ကိုသာပေါင်းရမည်။ အနှီဇာတ်၌် အကြင်သူသည်
ထိုသို့သဘောရှိသည်။ ထိုဇာတ်၌ ထိုသူသည် ဤသို့သဘောရှိသည် စသည်ဖြင့်
ကလေးသူငယ်တို့ကို ဗဟုသုတရစေခြင်းငှာလည်းကောင်း
အတွေးအခေါ်ရရှိစေခြင်းငှာလည်းကောင်း သင်ပြပြောပြသည်ကို စာဖတ်သူများ
ကြုံဖူးကြမည်ထင်ပါသည်။ ယခုခောတ်တွင်မရှိတော့ပြီ။ ရှိလျှင်ပင်
အလွန်နည်းပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ
ညအခါတွင် တောရောမြို့ပါ တယ်လီဗေးလ်ရှင်း ထိုင်ကြည့်ကြသည်။
ဘောလုံးပွဲကြည့်မည်။ ကိုးရီးယားဇာတ်လမ်းတွဲများကဲ့သို့
ဇာတ်လမ်းတွဲများကြည့်ကြမည်။ ကလေးသူငယ်တို့အဖို့ ရှေးယခင်က
အခွင့်အရေးကလေးများ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးလာကြသည်ကို နှမြောဖွယ်ရာ
မြင်တွေ့နေကြရသည်။ စာရေးသူ၏ အိမ်၌ပင်လျှင် ထို့ကဲ့သို့ဖြစ်နေသည်ကို
ရိုးသားစွာ ထုတ်ဖော်ရပေမည်။ ထို့ကြောင့် လက်ဆင့်ကမ်းဗဟုသုတ အလို့ငှာ
ကလေးသူငယ်များအား စာဖတ်ခြင်းအပြုအမူများ လေ့ကျင့်ပေးသင့်လှပေသည်။
ထိုင်ပြောပြနေမှ မဟုတ် စာဖတ်လေ့ကျင့်ပေးခြင်းဖြင့် ကလေးသူငယ်များ၏
စိတ်ထဲသို့ ဗဟုသုတများ သွန်းလောင်းခြင်း အတွေးအခေါ်များ မြင့်မားစေခြင်းများ
ပြုလုပ်ပေးရာ ရောက်၏။ တစ်နည်းဆိုရသော် စာအုပ်တစ်အုပ်သည် အပန်းဖြေစရာ
ဥယျာဉ်တစ်ခုနှင့်လည်း တူပေသေး၏။ စာအုပ်တစ်အုပ် မိမိအိပ်ထဲရှိနေလျှင်
အပန်းဖြေဥယျာဉ်တစ်ခုရှိနေသည်နှင့် ညီမျှသည်ကို A book is a garden in your
pocket. ဟု ဆိုခဲ့၏။ ထို့ကြောင့်စာပေသည် ဥယျာဉ်သဖွယ်လဲ ဖြစ်နေပေသေးသည်။
ဥယျာဉ်သည် များစွားသော သစ်သီးသစ်ဥ ပန်းမာလ်တို့ဖြင့် သာယာဖွယ်
အပန်းဖြေဖွယ်ရာရှိသကဲ့သို့ စာပေဟူတည်းဟူသော ဥယျာဉ်သည်လည်း ဗဟုသုတ အသိဥာဏ်
အတွေးအခေါ်တည်းဟူသော သစ်သီးသစ်ဥ ပန်းမာလ်တို့ဖြင့် လူသားအား အကျိုးပြုစေ၏။
စာရေးဆရာများမှာမူ ဥယျာဉ်မှုးများနှင့် တူကြလေ၏။ သစ်သီးသစ်ပင်နှင့်
ပန်းကလေးများ အစဉ်ပွင့်လန်းဝေဆာနေရန် အမြဲရှေးရှု လုံ့လပြုပေရာ၏။
သို့မဟုတ်လျှင် ဥယျာဉ်ဟုဆိုသော်လည်း ဥယျာဉ်နှင့်မတူပဲ အလေ့ပေါက်သော
တောသဖွယ်ရှိ၍ ခြုံနွယ်များ မြက်ရိုင်းများဖြင့်သာ ပိတ်ဖုံးနေပေလိမ့်မည်။
စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
လွမ်းဖြေမဆည်
စမ်းရေကြည် မျက်ရည်များ။
ရနံ့တွေဝေ
ညင်းလေပြေ ပန်းတွေကြား။
တေးသံဝေဝေ
ဝဲပျံနေ ငှက်တွေကြား။
မောင့်ကဗျာများ
မေ့အားသက်သေ
အခက်ပွေနဲ့
တေးတွေစေစေ
အလွမ်းတွေဝေဝေ
လေပြေငယ်သွေး
တစ်ခုလေးတော့
ပြောပေးပါလေ။
မောင့်ကဗျာမှာ
အသဲညှာချစ်
စွဲကာရစ်ကြောင်း
ထပ်လောင်း၍ကွယ်
ချစ်သူငယ်ကို
တွယ်တာလေပြေ
ညင်းခတ်၍ ဖွင့်ပြောပေးပါလေ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ကိုယ်၌ ကဗျာသည် အိပ်ပျော်သည်၊ သေဆုံးသည်မရှိ။
ကိုယ်၌ ကဗျာပင်များ ရှင်သန်၍ ကဗျာစမ်းတို့စီးဆင်း၏။
ကိုယ်၌ ကဗျာဥယျာဉ်ပေါ်ပေါက်၍ ကဗျာပန်းတို့ဖူးပွင့်၏။
ကိုယ်၌ ကဗျာလေပြေများ တိုးညင်း၌ ကဗျာပန်းရနံ့တို့ သင်းပျံ့၏။
ကိုယ်၌ ကဗျာမိုးတိမ်များဖြစ်ထွန်း၍ ကဗျာမိုးတို့ သွန်းဖြိုး၏။
ကိုယ်၌ ကဗျာနေခြည်တို့သာရှိ၍ ကဗျာအလင်းတို့ ခွင်း၏။
ကိုယ်၌ ကဗျာတောင်တန်းတို့ဖြင့် ကဗျာတောတို့ နက်ရှိုင်း၏။
ကိုယ်၌ ကဗျာကျေးငှက်တို့ရှိ၍ ကဗျာတေးတို့ သီကျူး၏။
ကိုယ်၌ ကဗျာသွေး ကဗျာစိတ်တို့ ထကြွနေသောအခါတွင် ကဗျာကိုယ်သည် ပို၍ထင်ပေါ်၏။
ပို၍တောက်ပ၏။ ပို၍ကြည်လင်၏။ ပို၍နူးညံ့သိမ်မွေ့၏။
ဤကဗျာများသည် ဤကိုယ်၌သာ အစဉ်ကိန်းအောင်းရာ ဖြစ်သတည်း။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
သောကနှင်းပေါက်
တဖြောက်ဖြာက်ကြွေ
ညဉ့်ရောက်လေလေ မောင့်ချစ်သူရေ။
ဆောင်းနှင်းကြွေမှ
ဆောင်းလှသတဲ့
ကျတဲ့မျက်ရည် နှင်းနဲ့ဝေပေါ့။
ဒီဆောင်းအေးအေး
နှင်းဖွေးဖွေးက
လွမ်းဆွေးရင်လှိုက် အသဲခိုက်ပြီ်။
မြူခိုးတွေကြား
မင်းထွက်သွားချိန်
စည်းခြားဆောင်းလဲ လေပြေနွှဲတယ်။
အေးစက်တဲ့ဆောင်း
မြူနှင်းပေါင်းပြီး
ထပ်လောင်းဝဋ်ကြွေး
ချစ်သူဝေးဖို့
ကံသေးကံနွဲ့
မောင့်ကိုဖွဲ့ရင်း
လှည့်ထွက်ဝေးဝေး ချစ်သူကလေး။ ။
ငဲ့ကွက်တွေးဆွေး ပြစ်မယူသေး။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပွင့်စဉ်ခဏ
ရနံ့လေးတွေမျှပါတယ်။
ရနံ့သင်းသွဲ့
လေပြေညင်းနဲ့ဆင်းပါတယ်။
ပွင့်အာဇရာ
သူ့ခမျာကြွေရရှာတယ်။
ပန်းပင်အရင်း
သက်ဆင်းမြေဇာဖြစ်ရှာတယ်။
မြေဇာတစ်ဆင့်
ပန်းသစ်ပွင့်
မျှော်လင့်ရှာတယ် သူရည်ရွယ်။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
အမြဲတမ်းလန်းနေမှ
ပန်းတွေက လှတာမဟုတ်ဘူး။
ခြောက်သွေ့ကြွေကျလဲ
ပန်းဘဝက လှတယ်။
လေပြေတွေဖြန်းနေမှ
ပန်းတွေက ရနံ့ရတာမဟုတ်ဘူး။
လေညင်းတိတ်ဆိတ်လဲ
သင်းသင်းပျံ့ ပန်းရနံ့ကရတယ်။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ဝဋ်ရှိသရွေ့
ကြေပါစေ့ချစ်သူ၊
အပြစ်မူမြူတစ်မျှ
မောင် လုံးဝမယူ။
ချစ်သူတိုင်း ပေါင်းဖက်ခွင့်
မျှော်လင့်မိရင်ထဲ၊
ကြမ္မာငင် ဂယက်ဝဲတော့
မေနဲ့မောင်လွဲ။
မောင့်ပါးမှာမျက်ရေ
ဝေနေခဲ့တာ မင်းသိ။
မေ့ပါးမှာမျက်ရေတွေ
ဝေနေခဲ့တာ မောင်အသိ။
အကြည့်တို့ကြေကွဲ
မဆုံလို့လွဲကြပြီ
ချစ်မြဲတော့ ချစ်ပါ့မည်မောင်...တဲ့။
ရင်ပူလောင်ဝေ
မောင်မဖြေနိုင်ခဲ့ဘူး
ချစ်မိတဲ့ အချစ်ဦးမို့
မခွဲဘူးကွယ်တစ်သက်လုံး
ပြောခဲ့တာတွေမဆုံးခင်မှာတော့
မမုန်းတဲ့အချစ် ထားသွားရစ်ခဲ့ပြီကောကွယ်။
မင်းကြည်ညို
(ပုံကိုတော့ Google ကပဲ ယူလာပါတယ်)
Posted by
Min Kyi Nyo
at
ပန်းပင်ကလေး
မပွင့်သေးခင်
လေသွေးသောခါ ကတတ်သည်။
တစ်ဖူးနှစ်ဖူး
ငုံစဦးတွင်
လေရူးငြိမ့်ခါ ကတတ်သည်။
တစ်ပွင့်နှစ်ပွင့်
နေခြည်ဝင့်မှာ
ဆင့်ဆင့်ရနံ့ ပျံ့တော့သည်။
ထိုမှတစ်ဆင့်
ပင်လုံးပွင့်၍
တင့်တင့်တယ်တယ် လှတော့သည်။
ပန်းတွေကဝေ
လေပြေကညင်း
ဆောင်နှင်းရနံ့
ပြန့်နှံ့ရှစ်ခွင်
အလှဆင်သည်
ပန်းပင်ဓလေ့ ချမ်းမြေ့သည် ။ ။
နန်းသွင်ဓလေ့ ယဉ်ပေ့သည်။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပန်းမပွင့်ခင်
ပန်းဥယျာဉ်
ပျော်ဝင်ငှက်တို့ ဝဲသလေ့။
ပန်းကလေးပွင့်
ရနံ့လွင့်
ပျော်ဆင့်ပိတုန်း ပျံသလေ့။
လေပြေသွေးသွေး
နေခြည်ရေး
နံ့ပေးသင်းပျံ့ ကြိုင်သလေ့။
ပွင့်တဲ့ပန်းပွင့်
ညှာတံဝင့်
တင့်တင့်တယ်ပေ့ လှသလေ့။
အရပ်ရှစ်ခွင်
တောလုံးတွင်
ပြန့်ဝင်ယှဉ်ပေ့ ပန်းဓလေ့။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ပသာဒဟု
ဒီစက္ခု
ရှုတတ်ဖုံဖုံ ရူပါရုံ။
နားဟူသောတ
ပသာဒ
ကြားရဖုံဖုံ သဒ္ဒါရုံ။
ဃာနနှာခေါင်း
အနံ့လောင်း
ရှုပေါင်းတတ်စုံ ဂန္ဓာရုံ။
ဇိဝှာဒီလျှာ
အစားစာ
ရသာဖုံဖုံ ရသာရုံ။
ဤကိုယ်ကာယ
ထိတွေ့လှ
သိရဖုံဖုံ ဖောဋ္ဌဗ္ဗာရုံ။
အာရုံငါးဝ
ခန္ဓာရ
ပူကြဖုံဖုံ ဘဝေစုံ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
တကယ်ပါ တောင်ပြုံး
ငါနင့်ကိုစိတ်နာတယ်။
မရောက်ဖူးလို့ တောင်ပြုံးအသွား
အခြောက်ရူးမို့ မောင်အုံးစားခဲ့
နောက်ဆုံးစကားနဲ့ ပြောခဲ့တာက
နောက်တစ်ခါ မလာပါဘူးလို့။
ဖြစ်ပုံကဒီလို
ကပိုကရို လူတွေကြား
လိုသလို သူငါမမှားအောင်
မတိုက်မိအောင် လှမ်းရ
အငိုက်မမိအောင်လဲ မြန်းရဆိုတော့
ရမ်းသမ်းလျှောက်ရတဲ့ခဏ
အခြောက်မနဲ့ တည့်တည့်ကျတယ်
စိတ်ပျက်ရဖွယ်က
သိပ်ခက်လှတယ် အရပ်ကတို့...။
အသဲလေး အသဲလေးနဲ့
ပဲပေးပေးပြီး အနားကပ်
ပုဆိုးကိုဆတ်ခနဲ အဆွဲ
ကျုပ်လက်က ခပ်မြဲမြဲမို့တော်ပါရဲ့
မတော်မရော် ကျွတ်ကျမှ
အမလေးနော် ဒုက္ခပါလား...။
မဖြစ်ချေဘူး လှည့်အပြေး
ခပ်ဝေးဝေးကိုအရောက်
ဝါးရင်းတုတ်ရွာ အပေါက်က
လူတစ်ယောက်ထွက်အလာ
အားကိုးတကြီး အကူညီရှာမိ
သေသေချာချာကြည့်မှ
ဘုရားရေ...ဒါလဲ အခြောက်ဟ
ပြေးမှ ပြေးမှ.....၊
အဲသလိုနဲ့ တောင်ပြုံးပွဲ
နောက်နှစ်တွေ မသွားရဲတော့ဘူး။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ရုတ်တရက်
နှုတ်ဆက်တာမဟုတ်ပါဘူး။
ဟော...ဟိုမှာ
ကြယ်ကလေးတစ်ချို့
သူတို့လင်းဖို့ တာစူနေကြတယ်။
မနက်ဖြန်မနက်မှာ
ကျုပ်နေထွက်ပါမယ်၊
ကောင်းသောညပါ ကမ္ဘာ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
Wednesday, December 5, 2012
ဘယ်လိုကြောင့်ဝေးဝေး
အတွေးထဲစွဲ
နှလုံးသားထဲမြဲလို့
သံယောဇဉ်ကြိုးနဲ့ကုံး
အချစ်ရယ် အချစ်တွေခိုတွဲနေတုန်းပဲကွယ်။
မင်းကြည်ညို

Posted by
Min Kyi Nyo
at
ဝေး..ဝေး သွားပေမယ့်
ရေး..ရေး လေးအချစ်ရိပ်မဟုတ်ခဲ့ပါ။
တဖြေးဖြေးမေ့ရမှာလား
မေ့မသွားတဲ့ အချစ်ရိပ်ဟာ၊
မဖြေသာအလွမ်းတွေနဲ့
ဝေဒနာလွှမ်းလေတော့
တမ်းသရွေ့အချိန်တိုင်းသာ
ပြန်ပြီးသာစဆုံစည်းရရင်ဖြင့်
သခင်ရယ်....ဘယ်ဝေးပါ့မလဲ။
မချစ်လို့မဟုတ်ပါဘူး
အပြစ်မဖို့ပါနဲ့ မောင့်ချစ်သူ...တဲ့။
တစ်သက်မှာ တစ်ခါချစ်တာမို့
မေ့သစ္စာ ဘယ်ခါမပျက်ပါတဲ့
ငြှိုးငယ်စွာသူကဆိုတယ်။
သူ့ကိုယ်သူရှုံးတာထက်
မောင့်ကို မေဆုံးရှုံးတာက
ရင်အနာရဆုံးပါလို့
ငိုရှိုက်ခါ ဆင့်၍ဆို
သို့ကလို သူ့စကားတွေက
မောင့်နားမှာ လျှံလာခဲ့လေတော့
အဖြေရှာ ချစ်သဒ္ဒါတိုးစွာပေါ့
မေတ္တာမပျက်ပါဘူးမေ။
နှစ်လတွေရှည်
ခန္ဓာမြေကျစေဦးတော့။
ဘဝအထွေထွေ အသင်္ချေပြောင်းသော်လဲ
မောင့်အသဲမှာ မေတစ်ယောက်သာလို့
မဖောက်လွဲကာ အချစ်များရယ်ကြောင့်
ဝေးခြားကာ မဆုံရပေမယ့်
တေးသွားပမာ ရင်စုံကနေမှ
ချစ်သူလှ မောင့်သက်လယ်ကို
မျက်မတွယ် မောင်ဆုတောင်းပါရဲ့
(အချစ်ရယ်)နှောင်းတမြေ့မြေ့ ကြမ္မာအကွေ့ကနေ။ ။
မဟောင်းတရွေ့ရွေ့ ပြန်ကာတွေ့ပါရစေ။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
ဘယ်သူမှမသိတဲ့ သောကဝေဒနာတွေ
ရင်ထဲမှာယှက်ဖြာနေတယ်...။
တကယ်တော့လဲ သခင်ရယ်...
မကြင်လို့ ဖယ်ခဲ့တာမှမဟုတ်ပဲ။
ခွဲခဲ့ရတယ်ဆိုပေမယ့်
ရင်ထဲ အသဲထဲတော့
အစဉ်အမြဲ စွဲရစ်ပေါ့။
မဆုံးစည်းရတဲ့ဘဝ
ကြုံပြီးမှ လွဲရတာ
အချစ်ကံကြမ္မာခေလို့လား
အသစ်ဖန်စရာ ပေမို့ထားတော့
မမှားမပျက်နဲ့
မပွားဖက်ပါ အမုန်းကြမ်း
မေ့ဘဝလျှောက်လှမ်းရာလမ်းမှာ
မောင့်နှလုံးသားကိုလွှမ်းလို့
ပန်းကလေးများရဲ့ကိုယ်စား
မောင့်ကျောပြင် တံတားခင်းလိုက်ပါ့မယ်
နင်းလျှောက်လိုက်ပါချစ်သူရယ်။ ။
မင်းကြည်ညို
၂/၁၂/၂၀၁၂
Posted by
Min Kyi Nyo
at
အပြုံးစက်ဖြာ
မုန်းမဖက်ပါမှ
ဘုန်းလက်ျာတွင်အိပ်စေချင်။
ဘုန်းမောင့်မေတ္တာ
မေ့ကြင်နာဖြင့်
ဝန်းကာခြုံသိုင်း
ချစ်တံတိုင်းကို
မြူမှိုင်းတောင်ခြေ
ရစ်ပတ်လေသို့
ချစ်ဝေစည်ပင် မောင်လိုချင်။
ချစ်စိတ်မွမ်းမံ
ချစ်ဗိမာန်ကို
ချစ်သံစဉ်ဖြန်း
ချစ်ရည်လွှမ်းသည့်
ချစ်နန်းဆုံးသက်
ချစ်အုံးစက်ကာ
ဘုန်းလက်ျာတွင် အိပ်စေချင်။ ။
မင်းကြည်ညို
Posted by
Min Kyi Nyo
at
သောကနှင်းပေါက်
တဖြောက်ဖြာက်ကြွေ
ညဉ့်ရောက်လေလေ မောင့်ချစ်သူရေ။
ဆောင်းနှင်းကြွေမှ
ဆောင်းလှသတဲ့
ကျတဲ့မျက်ရည် နှင်းနဲ့ဝေပေါ့။
ဒီဆောင်းအေးအေး
နှင်းဖွေးဖွေးက
လွမ်းဆွေးရင်လှိုက် အသဲခိုက်ပြီ်။
မြူခိုးတွေကြား
မင်းထွက်သွားချိန်
စည်းခြားဆောင်းလဲ လေပြေနွှဲတယ်။
အေးစက်တဲ့ဆောင်း
မြူနှင်းပေါင်းပြီး
ထပ်လောင်းဝဋ်ကြွေး
ချစ်သူဝေးဖို့
ကံသေးကံနွဲ့
မောင့်ကိုဖွဲ့ရင်း
လှည့်ထွက်ဝေးဝေး ချစ်သူကလေး။ ။
ငဲ့ကွက်တွေးဆွေး ပြစ်မယူသေး။ ။
မင်းကြည်ညို
 |
Add caption |