စာပေနဲ့လူသား

   “လောက၌ အသက်၌ အသက်ခြောက်ဆယ်အရွယ် လူငယ်တို့ရှိသလို၊ ဆယ့်ခြောက်နှစ်အရွယ် လူကြီးတို့ရှိနေ၏။” ဤကားဆရာကြီးတက်တိုးမိန့်ဆိုခဲ့သော စကားပေတည်း။ ဆိုလိုရင်းကိုပြန်တွေးသော် လွန်စွာမှန်ကန် လှသော ဆရာကြီး၏ အတွေးအခေါ်ကြောင့် ဆရာကြီးအား ကြည်ညိုလေးစားမိရသည်။ စာရေးသူတို့ မျက်စိရှေ့တွင် မြင်တွေ့နေကြရသော အရိပ်တို့အထဲ ထိုစကားနှင့် လျော်ညီစွာ ကြုံတွေ့နေကြရသည်။ လူငယ်အချို့။ လူငယ်ဆိုပေမယ့် အသက်ခြောက်ဆယ်အရွယ် အတွေးအခေါ်တို့ဖြင့် အသိဥာဏ်တို့မှာ မယုံနိုင်စရာ ကြီးမားမြင့်မြတ်နေကြ၏။ အသက်ခြောက်ဆယ်အရွယ် လူကြီးအချို့မှာမူ အသက်အရွယ်နှင့်မမျှအောင် အတွေးအခေါ်အသိဥာဏ်က ခေါင်းပါးနေကြသည်လည်းရှိ၏။ အသိဥာဏ်က ကလေးအရွယ်မျှသာ။ ဤသည်ကိုပင် ဆရာကြီးတက်တိုးက ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
                          အသိဥာဏ်အတွေးအခေါ်နှင့်ပတ်သက်၍ တိုးတက်ရင့်သန်မှုရှိစေရန် စာဖတ်သင့်သည်ဟု အနီးကပ်ဆုံး အလွယ်ဆုံးတင်ပြလိုပေသည်။ ထိုသို့စာဖတ်ရာတွင်လဲ ဖတ်ရုံနှင့်မပြီးပဲ တစ်ခါတည်းမှတ်သားသွားရန် လိုနေပေသေးသည်။ စာဖတ်သူတစ်ချို့တွင် စာကိုဖတ်ပါ၏။ သို့သော် ဖတ်ပြီး၊ ပြီးပြီဟုသာ ဆိုရပေမည်။ စာရေးသူ ဘာကိုရည်ရွယ်၍ ရေးသွားသလဲ၊ မှတ်သားစရာ ဘာတွေရှိသလဲကိုမူ မှတ်မထားပဲ ရှိကြသည်လည်းရှိနေကြ၏။ တစ်မျက်နှာပြီး တစ်မျက်နှာ မေ့ကာသာဖတ်သွားလျှင် ဘာအကျိုးမျှ ရှိမည်မဟုတ်ပဲ အချိန်ကုန်၍ မျက်လုံးသာညောင်းပေမည်။ ထိုသူသည် စာအုပ်တစ်အုပ်လုံးပြီးအောင် ဖတ်သွားသော်လည်း၊ လမ်းဘေးအမှိုက်ပုံထဲက စာရွက်တစ်ရွက်ကို ကောက်ခါဖတ်၍ မှတ်သွားသော အမှိုက်ကောက်သည့် ကလေးငယ်မျှလောက်ပင် အသိဥာဏ်တိုးတက်လာမည် မဟုတ်ပေ။ ထို့ကြောင့် စာအုပ်စာပေ လူ့မိတ်ဆွေဟု အဆိုရှိသော်လည်း စာအုပ်များရှိနေပါလျှက် ကိုယ်ကမှ မိတ်ဆွေမဖွဲ့တတ်လျှင် စာအုပ်မိတ်ဆွေ စာပေမိတ်ဆွေ ဖြစ်မလာနိုင်။ လူသည် အသိဥာဏ်ရှိသော သတ္တဝါဖြစ်သည်။ ထိုအသိဥာဏ်ကို ရင့်သန်၍ အမြင်မှန်စေရန် စာဖတ်သင့်ပါသည်။ စာရေးသူတို့ ယနေ့ ကမ္ဘာကြီးသည် တစ်စတစ်စ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ထိုပြောင်းလဲမှု အရာဝတ္ထုသဘောတရားများကို သဘောပေါက်နားလည် နေစေရန် အသိဥာဏ်ရှိဖို့လိုသည်။ အတွေးအခေါ်ရှိနေဖို့လိုသည်။ ထို့ကြောင့် စာဖတ်ရမည်ဟု ဆိုရခြင်းဖြစ်ပေသည်။ စာဖတ်သည်တွင်လည်း စာအမျိုးမျိုးရှိနေပြန်၏။ နည်းပညာပိုင်းဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေ၊ ပညာရေး၊ စီးပွားရေး၊ ကဗျာ၊ ဝတ္ထု၊ ကာတွန်း စသည်ဖြင့် များစွာရှိပါ၏။ ဤတွင် စာရေးသူတစ်ချက် ပြောလိုသည်မှာ မည်သည့်စာပေကိုမဆို ဖတ်မှတ်သင့်သည်ဟု ပြောလိုခြင်းပင်ဖြစ်သည်။  စာဖတ်ခြင်းသည် ပင်ပန်းကြီးသောအရာမဟုတ်။ တစ်ချို့စာဖတ်ပရိသတ်များဆိုလျှင် စာတစ်အုပ်နှစ် ဇိမ်လုပ်လိုက်ဦးမည်ဟုပင် ပြောဆိုတတ်ကြပေသည်။ စာပေမှပေးသော အသိဥာဏ်များသည် အကျိုးမနည်းလှ။ ပင်ပန်း၍၊ အချိန်မရ၍ စာမဖတ်ဖြစ်သော်လဲ အလုပ်နားရက် ရုံးပိတ်ရက်ကလေးများတွင် စာဖတ်ခြင်းဖြင့် အပန်းလဲဖြေ ဗဟုသုတလဲရယူနိုင်သည်မှာ ငြင်းစရာအချက်မဟုတ်ပါတကား။ စာဖတ်ဝါသနာရှင်များအဖို့မူ ဤ အချက်ကလေးအား အလွတ်မခံနိုင်ကြပေ။ အချိန်ရလျှင်ရသလို စာဖတ်ကြသည်။ လေ့လာဆည်းပူးမှုဖြင့် သင်ယူကြသည်။ အချို့မှာမူ အိမ်၌ စာအုပ်များစွာရှိနေသော်လည်း စာဖတ်ရန် ဝန်လေးနေသကဲ့သို့ရှိနေကြ သည်။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်မှာမူ အိပ်မပျော်သောညများ၌သာ စာဖတ်လိုသည်ဟု ပြောဖူးပါ၏။ အဘယ့်ကြောင့်နည်းဟူမူကား စာမျက်နှာ လေးငါးမျက်နှာလောက်ဖတ်ပြီးလျှင် မျက်လုံးက အလိုလိုအိပ်ချင် သည်၊ အိပ်ပျော်သွားသည် ဟုဆိုလေသည်။ စာအုပ်သည် သူ့အတွက် အိပ်ဆေးသဖွယ် ဖြစ်နေသည်ဟုပြော၏။ စာရေးသူအနေဖြင့် ဘာမျှမပြောလိုပါ။ ယနေ့မြင်တွေ့နေရသော မြင်းကွင်းများက ထိုသို့မဟုတ်။ များစွာသော လူငယ်တို့ ဖြစ်နေကြသည်မှာ နေ့စဉ်နှင့်အမျှဆိုသလိုပင် ဂိမ်းထိုင်ဆော့နေကြတော့သည်။ ဂိမ်းဟူသောအရာကို စာပေထက်ပင် ပိုမိုခင်တွယ်လာကြသည်။ အဆိုးဆုံးပြောရလျှင် ကျောင်းသူကျောင်းသားများစွာတို့သည် ကျောင်းသို့မရောက်ပဲ ဂိမ်းဆိုင်သို့ရောက်ကုန်ကြတော့၏။ များစွာစိုးရိမ်ရသော အချက်ပေတည်း။ စာရေးသူတို့မြန်မာပြည်၌ အင်တာနက်ဆိုင်များသည် အရင်ကနဲ့မတူ တစ်မူထူးခြား အမြောက်အများ ဖွင့်လာကြသည်မှာ ထိုအချက်ကြောင့်လည်း ပါပါ၏။ ကျောက်ဆည်မြို့နယ် တောမရွာအနီး ကျောက်ဆည်တက္ကသိုလ် ပတ်ဝန်းကျင်ရှိ အင်တာနက်ဆိုင်များတွင် တစ်ခါတစ်ရံ နှစ်ဆယ့်လေးနာရီအပြည့် ဆိုင်မပိတ်လိုက်ရပဲ ရှိနေခဲ့သည်ဟု သူငယ်ချင်းအင်တာနက်ကဖေးဆိုင်ပိုင်ရှင် တစ်ယောက်ကပြောဖူး၏။ “ဘာတွေ လုပ်ကြတာလဲ”ဟု စာရေးသူက မေးမိရာတွင် “ဂိမ်းဆော့နေကြတာ ဆရာရေ.. တစ်ချို့ကတော့ လိုင်းပေါ်ကနေ ဖွန်ကြောင်တာပေါ့” ဟုပြောတော့ စာရေးသူမှာ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်ကာ “သြော်” ဟု သာ သူငယ်ချင်းဖြစ်သူ၏ အဖြေကို နာကြားမှတ်သားခဲ့ရပါတော့၏။ ပေါ့ပေါ့တန်တန်တွေးလျှင် ဘာမှဖြစ်မည် မဟုတ်ဟုထင်ရသော်လည်း နောင်အရှည်အရေးကိုတွေးလျှင် လူငယ်တို့အဖို့ လွန်စွာရင်လေးဖွယ်ကောင်းနေ သည်မှာ အမှန်ပင်ဖြစ်သည်မဟုတ်ပါလား။ အွန်လိုင်းအင်တာနက်သည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဟုပြော၍ရနိုင်ပေသည်။ ကျောင်းသူကျောင်းသားအချို့သည် အင်တာနက်အသုံးပြု၍ စာရှာကြသည်။ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကို ရှာဖွေကြသည်။ အကျိုးရှိသောအရာဖြစ်၏။ အဓိက အနေဖြင့် အသုံးပြုတတ်ရန်သာ အရေးကြီးပေသည်။ သို့သော် ဒွန်တွဲနေသော နိယာမသဘောအရ အကောင်းဘက်ကို ဦးတည်နေသောသူတို့ရှိသလို ၊ အဆိုးဘက်ကိုဦးတည်နေသောသူတို့လည်း ရှိနေတတ်ပါ၏။ ဤတွင် မိမိကိုယ်၌က အကောင်းဘက်သို့ ဦးတည်နေသောသူများ စာရင်းတွင် ပါဝင်နေစေရန် ကြိုးစားပြုမူသင့်ပေသည်။
                           စာအုပ်စာပေတို့ဖြင့် အသိဥာဏ်တို့ကို ပေါက်ဖွားမွေးမြူပါ။ ထိုအသိဥာဏ်တို့ဖြင့် အတွေးအခေါ်တို့ကို ဖြန့်ကျက်ပါ။ ထိုအတွေးအခေါ်တို့ဖြင့် အဆိုးအကောင်း ခွဲခြားပါဟု စာရေးသူအနေဖြင့် ယနေ့လူငယ်အချို့ကို ပြောလိုပေသည်။ လူငယ်အချို့ဟု ရည်ရွယ်ပြောဆိုရခြင်းမှာ အထွေအထူးတင်ပြစရာ မလိုဟုထင်သည်။ အချို့က အသိဥာဏ် အတွေးအခေါ် အဆိုးအကောင်း ရှင်းရှင်းလင်းလင်းသိကြ၏။ အချို့မှာ မူ တိမ်ဖုံးနေသော နေလပမာ အလင်းမဖြာနိုင်ကြသောကြောင့်ပင်ဖြစ်ပေသည်။ ဤမျှဆိုသော် စာရေးသူ၏သဘောကို နားမလည်နိုင်သူမရှိပြီဟု ထင်မြင်မိပါသည်။ စာပေနှင့်ပတ်သက်၍ ရေးသားပြောဆိုခဲ့ကြသော ရှေးပညာရှိ စာရေးဆရာကဝိတို့ များစွာရှိခဲ့ မိန့်ကြားခဲ့သော်လည်း စာပေဂုဏ် စာပေအကျိုးသည် ကုန်လွန်သွားမရှိပေ။ ချီးမွမ်း၍မကုန်နိုင်သလို စာပေကပေးသော အသိဥာဏ်အတွေးအခေါ်တို့သည် နက်ရှိုင်း၍ အလွန်တန်ဖိုးကြီးလှသည်မှာ ငြင်းပယ်စရာမရှိ ဖြစ်ခဲ့သည်။ ဤအချက်ကို ယနေ့ခောတ်လူငယ်များ လေ့လာနာယူ သင့်လှသလို စာရေးသူများအနေဖြင့်လည်း မိမိတို့၏ ဝမ်းရေးကို ရှေးရှုမပြုပဲ စာဖတ်ပရိသတ်အပေါ် စေတနာဖြင့် ရေးသားကြရန်လိုပေသည်။ မိမိရေးသောစာသည် မိမိဝမ်းဝ ခါးလှဖို့ထက် စာဖတ်ပရိသတ် သုတအတွေးအခေါ်ပွားဖို့ ရည်မျှော်ရပေမည်။ သို့မဟုတ်လျှင် စာပေသည်လည်း  အရောင်တောက်ပြောင်မှု အားနည်း၍ ဆုတ်ယုတ်သွားနိုင်ပေသည်။ စာရေးဆရာများဘက်မှလည်း ဤအချက်ကို အလေးထားဆောင်ရွက်ရန် လိုပေသည်။ စာရေးဆရာသည် ဝမ်းစာအတွက် ရေးသူဖြစ်ချင်လဲ ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် ကျောင်းဆရာများကဲ့သို့ နာသုံးနာဖြင့် ရေးသည်လည်း ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေကာမူ စာဖတ်သူအပေါ် တစ်စုံတစ်ရာ အကျိုးပေးစေသော စာများဖြစ်နေရပေမည်။ သို့ရှိမှသာလျှင် စာရေးသူနှင့်စာဖတ်သူ တစ်နည်းဆိုရသော် စာပေလောကသည် မြေကမ္ဘာနှင့် လပမာ တည်မှီရာဖြစ်ပေလိမ့်မည်ဟု ဆိုချင်သည်။ မြန်မာစာပေတောက်ပြောင်ခဲ့ခြင်းသည် စာရေးသူ စာဖတ်သူတို့ အပြန်အလှန်ရှိနေခြင်းကြောင့် ဖြစ်သည်ဟုမှတ်ယူမိပါသည်။ ဤနေရာတွင် လက်ဆင့်ကမ်း ဗဟုသုတကို တင်ပြလိုသည်။ ဗဟုသုတကို လက်ဆင့်ကမ်းရာတွင် ရှေးလူကြီးများ ပုံပြင်ပြောပြသကဲ့သို့ ဤခောတ်တွင်ဖြစ်နိုင်ရန် အလွန်ခက်ခဲပါသည်။ ရှေးခောတ်က ညအခါအိမ်ရှေ့ကြမ်းပြင်တွင် လူကြီးသူမများက ကလေးသူငယ်များကို ပုံပြင်ပြောပြသလို ပြောပြ၍ လူမိုက်နှင့် မပေါင်းအပ် ပညာရှိလူလိမ္မာတို့ကိုသာပေါင်းရမည်။ အနှီဇာတ်၌် အကြင်သူသည် ထိုသို့သဘောရှိသည်။ ထိုဇာတ်၌ ထိုသူသည် ဤသို့သဘောရှိသည် စသည်ဖြင့် ကလေးသူငယ်တို့ကို ဗဟုသုတရစေခြင်းငှာလည်းကောင်း အတွေးအခေါ်ရရှိစေခြင်းငှာလည်းကောင်း သင်ပြပြောပြသည်ကို စာဖတ်သူများ ကြုံဖူးကြမည်ထင်ပါသည်။ ယခုခောတ်တွင်မရှိတော့ပြီ။ ရှိလျှင်ပင် အလွန်နည်းပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ညအခါတွင် တောရောမြို့ပါ တယ်လီဗေးလ်ရှင်း ထိုင်ကြည့်ကြသည်။ ဘောလုံးပွဲကြည့်မည်။ ကိုးရီးယားဇာတ်လမ်းတွဲများကဲ့သို့ ဇာတ်လမ်းတွဲများကြည့်ကြမည်။ ကလေးသူငယ်တို့အဖို့ ရှေးယခင်က အခွင့်အရေးကလေးများ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးလာကြသည်ကို နှမြောဖွယ်ရာ မြင်တွေ့နေကြရသည်။ စာရေးသူ၏ အိမ်၌ပင်လျှင် ထို့ကဲ့သို့ဖြစ်နေသည်ကို ရိုးသားစွာ ထုတ်ဖော်ရပေမည်။ ထို့ကြောင့် လက်ဆင့်ကမ်းဗဟုသုတ အလို့ငှာ ကလေးသူငယ်များအား စာဖတ်ခြင်းအပြုအမူများ လေ့ကျင့်ပေးသင့်လှပေသည်။ ထိုင်ပြောပြနေမှ မဟုတ် စာဖတ်လေ့ကျင့်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ စိတ်ထဲသို့ ဗဟုသုတများ သွန်းလောင်းခြင်း အတွေးအခေါ်များ မြင့်မားစေခြင်းများ ပြုလုပ်ပေးရာ ရောက်၏။ တစ်နည်းဆိုရသော် စာအုပ်တစ်အုပ်သည် အပန်းဖြေစရာ ဥယျာဉ်တစ်ခုနှင့်လည်း တူပေသေး၏။ စာအုပ်တစ်အုပ် မိမိအိပ်ထဲရှိနေလျှင် အပန်းဖြေဥယျာဉ်တစ်ခုရှိနေသည်နှင့် ညီမျှသည်ကို A book is a garden in your pocket. ဟု ဆိုခဲ့၏။ ထို့ကြောင့်စာပေသည် ဥယျာဉ်သဖွယ်လဲ ဖြစ်နေပေသေးသည်။ ဥယျာဉ်သည် များစွားသော သစ်သီးသစ်ဥ ပန်းမာလ်တို့ဖြင့် သာယာဖွယ် အပန်းဖြေဖွယ်ရာရှိသကဲ့သို့ စာပေဟူတည်းဟူသော ဥယျာဉ်သည်လည်း ဗဟုသုတ အသိဥာဏ် အတွေးအခေါ်တည်းဟူသော  သစ်သီးသစ်ဥ ပန်းမာလ်တို့ဖြင့် လူသားအား အကျိုးပြုစေ၏။ စာရေးဆရာများမှာမူ ဥယျာဉ်မှုးများနှင့် တူကြလေ၏။ သစ်သီးသစ်ပင်နှင့် ပန်းကလေးများ အစဉ်ပွင့်လန်းဝေဆာနေရန် အမြဲရှေးရှု လုံ့လပြုပေရာ၏။ သို့မဟုတ်လျှင် ဥယျာဉ်ဟုဆိုသော်လည်း ဥယျာဉ်နှင့်မတူပဲ အလေ့ပေါက်သော တောသဖွယ်ရှိ၍ ခြုံနွယ်များ မြက်ရိုင်းများဖြင့်သာ ပိတ်ဖုံးနေပေလိမ့်မည်။
                     စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေ။ ။

                                                                                                                                                         မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.