တကယ်သိပြီး တကယ်ထိအောင်မလုပ်သောအရာများ


ရန်ကုန်ကို ရင်ခုန်သည်။ ရင်ခုန်သည်ဆိုသောစကားထက် ရင်တုန်သည်ဟုဆိုရလျှင် ပို၍မှန်ပေမည်။ တက္ကစီမောင်းသော ဒရိုက်ဘာက သွားများနီရဲနေအာင်ဝါးခြင်းဖြင့် မြို့လယ်လမ်းမသော အဝေးပြေးလမ်းမသော သောများမရှောင် ကွမ်းတံတွေးဆောင်ကာ လမ်းကိုဆေးနီဆိုးလေသည်။ မီးပွိုင့်များ၌ မီးအနီပြသော အစိမ်းပြသော သောများမရှောင် ဇောကိုဆောင်ကာ တဝေါဝေါတဝူးဝူးမောင်းတတ်ပါသေး၏။ ဤကား တက္ကစီသမားတင်မဟုတ်ပဲ ဘတ်စ်ကားသမားလဲ သမားရိုးကျဖြစ်စဉ်ဟု ပြောလို့ရမည်ထင်သည်။ သမားရိုးကျလုပ်စဉ်ဟု ထပ်၍ဆိုရလျှင် စာရေးသူပင် လွန်မည်လော။ လွန်မလွန်ကိုမူ စာဖတ်သူများ ဝေဖန်သုံးသပ်ရန်သာ ရှိပေတော့သည်။
စာရေးသူတို့မြန်မာနိုင်ငံသည် လက်ရှိအခြေနေတွင် နိုင်ငံ၏နိုးထခြင်း အစဟုဆိုရမည်။ နှစ်ပေါင်းငါးဆယ်ကျော်မျှသော အချိန်တို့သည် မြန်မာနိုင်ငံအတွက် အစစအကျည်းတန်၍ အထီးကျန်နေခဲ့ရ၏။ အဘယ့်ကြောင့်နည်း။ ရှင်းပါ၏။ ပထမဆုံးအာဏာဆုတ်ကိုင်မှု တစ်နည်းဆိုရသော် အာဏာမက်မောမှု အားကြီးသော နိုင်ငံ့ခေါင်းဆောင်လုပ်သူများကို လက်ညှိုးထိုးရပေမည်။ နိုင်ငံအုပ်ချုပ်ခေါင်းဆောင်လုပ်သူတို့ အသုံးမကျမှု ကိုယ်ကျိုးသာလျှင်ကြည့်တတ်မှုတို့ကြောင့် နိုင်ငံသည်ထင်သလောက် ခရီးမရောက်ဖြစ်ရသည်။ နိုင်ငံ့ခေါင်းဆောင်လုပ်သူသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းတွေ့ကြုံနေရသည်မှာငြင်းဖွယ်မရှိ။ ထိုသို့ထိပ်တိုက်ရင်ဆိုင်နေရသော နိုင်ငံတကာ၏အလယ်တွင် နိုင်ငံ့ခေါင်းဆောင်လုပ်သူများသည် အခြားအခြားသောနိုင်ငံများနှင့် ရင်ဆိုင်ရချိန်တွင် ၄င်းတို့နိုင်ငံတွင်းပြည်သူများအပေါ် နိုင်ငံခြားဗဟုသုတများအတွက် မျက်စိပိတ် နားပိတ်လုပ်ခဲ့ကြသည်။ ထို့ကြောင့် အာဏာမက်မောသောသူများကို ဦးစွာပထမ လက်ညှိုးထိုးပြရခြင်းဖြစ်လေသည်။ ထို့နောက် မည်သူကျန်ဦးမည်နည်း။ ပြည်သူပင်ဖြစ်သည်။ ပြည်သူကိုဘာ့ကြောင့် ဆွဲထည့်ရသနည်း။ ရှင်းပါမည်။ မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် လွန်စွာအစဉ်အလာကြီးသည်ကား မှန်ပါ၏။ သို့သော် ထိုအစဉ်အလာကြီးသော လူမျိုးများသည် အထည်ကြီး အခေါက်ပျက်သဖွယ်ဖြစ်နေပေသည်။ ရှေးကမည်မျှပင် ထည်ဝါခဲ့သည်၊ ဝင့်မော်ခဲ့သည်၊ စသည်တို့ကို ဖွင့်ဖော်နေမည့်အစား လက်ရှိအခြေနေတွင် စာရေးသူတို့ မြန်မာနိုင်ငံသားများ၏ တစ်ဦးချင်း အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလဲမှသာ နိုင်ငံသည် နိုင်ငံတကာအဆင့်ကိုမှီနိုင်ရန် အိပ်မက်မက်နိုင်ပေမည်။ မြန်မာလူမျိုးအများစုမှာ ထေရဝါဒအရ ကိုယ်ကျင့်သီလကို နားလည်ထားကြသည်။ သို့သော် ထိုကိုယ်ကျင့်သီလသည် မြန်မာလူမျိုးများအတွက် ဘုရားကျောင်းကန်များသွားမှသာ ကျင့်ကောင်းရာ၏ဟု မှတ်ထင်ကုန်သည်ထင်ပါ၏။ ထေရဝါဒသည် ဒစ်ပလင်းကောင်းသော ဘာသာတစ်ရပ်ဖြစ်၏။ ဒီကနေ့ ကမ္ဘာပေါ်တွင် စည်းကမ်းအကောင်းဆုံး ဘာသာကိုပြရပါမည်ဆိုလျှင် စာရေးသူတို့၏ ထေရဝါဒဗုဒ္ဓဘာသာပင်ဖြစ်လေသည်။ ထိုသို့ အကောင်းဆုံးဘာသာ၏အောက်တွင် စာရေးသူတို့မြန်မာနိုင်ငံသားများ အဘယ်ကြောင့် ယခုလိုဖြစ်နေရသနည်း။ နံပါတ်တစ် အစဉ်အလာကြီးခဲ့သည်ကိုသာယာ၍ လက်ရှိအခြေနေ၌ ပေါ့လျော့စွာနေခဲ့ခြင်း၊(တစ်နည်း) နိုင်ငံကြီးသားဟု ခံယူလျှက် အရာရာကို ဂရုမစိုက်ခြင်း၊စိတ်ကြီးဝင်ခြင်းများ စိုးမိုးနေခြင်းကြောင့်ဟု ပြောနိုင်သည်။ မဖြစ်သင့်သော အရာများဖြစ်ပြီး အထူးဆင်ခြင်ဂရုစိုက်စရာ အချက်များဖြစ်ပေသည်။
နိုင်ငံ့ခေါင်းဆောင်များအနေအထားဘက်ကို တစ်ဖန်ပြန်၍ ကြည့်ရပါလျှင်မူ လိုင်းကား(ဘတ်စ်ကား) တက္ကစီများကို စည်းစနစ်ကောင်းကောင်းဖြင့် သေချာစွာ ပြေးစွဲစေပြီး တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် ထမ်းသိမ်းသင့်သလို လမ်းတံတားများကိုလည်း နိုင်ငံတကာစံမှီ ပြုလုပ်ပေးမှသာ မျက်နှာမငယ်ရပေမည်။ ထိုတင်မက လမ်းတံတား အဆင်ပြေချောမွေ့ကြောင့် Transport and Delivery လွယ်ကူထိရောက်မှုကို တစ်ပါတည်း အကျိုးခံစားနိုင်သည်ဟု စာဖတ်သူတိုင်း သိပြီးဖြစ်ပေလိမ့်မည်။ ၂၀၁၂ခုနှစ် နှောင်းပိုင်းကာလ ဒီဇင်ဘာတွင် စာရေးသူ၏ နိုင်ငံခြားသူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံသို့ အလည်လာရောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံတွင် သူကြုံတွေ့ခဲ့ရသော အခက်အခဲတစ်ချို့ကို ပြောပြခဲ့သည်။ စာရေးသူလဲ အသာလေးငြိမ်ကာ နားထောင်နေမိသည်။ ကျိုက်ထီးရိုးစေတီသို့ သွားရောက်ဖူးမျှော်ရာ ဟိုတယ်တွင် သူစီးသောဖိနပ် ပျောက်ဆုံးခဲ့လေသည်။ တောင်ပေါ်သို့အတက် ကားခကို နိုင်ငံသားနှင့် တန်းတူညီမျှမဟုတ်ပဲ Extra Pay ( Under table money) ပုံစံဖြင့် တိုးတိုးတိတ်တိတ် ထပ်တောင်းသည် ဟူ၏။ နိုင်ငံတော်အစိုးရအနေဖြင့် Bus System ကိုကိုင်တွယ်ရာတွင် ညံ့ဖျင်းနေသေးကြောင်း ထောက်ပြသည်။ ဤအဖြစ်အပျက်မှာ ကျိုက်ထီးရိုးတစ်နေရာထဲတွင်မဟုတ်ပဲ ကျိုက်ထီရိုးမှ မန္တလေးအသွား မန္တလေးမှ ရန်ကုန်အပြန် တစ်ပုံစံတည်းဖြစ်နေသည်ကို သူ့အနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်း ပြောသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ဆက်သွယ်ကူးသန်းရေး ဆိုးနေသေးသည်မှာ ငြင်းဖွယ်ရာမရှိကြောင်း သူကဆက်ပြောသည်။ စာရေးသူက ငြိမ်၍သာ နားထောင်နေရသည်။ သို့သော် ကျိုက်ထီးရိုးစေတီကို ဖူးမျှော်ရသည်မှာ ဖူးမဝနိုင်ဖြစ်ရကြောင်း၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ကို လွန်စွာမှပင်နှစ်သက်မိကြောင်း၊ ဥိးပိန်တံတားပေါ်တွင် လမ်းလျှောက်၍ လေညင်းခံရသည်မှာ အရသာရှိလှကြောင်း အမွှန်းတင်ပြောဆိုသွားလေသည်။ စာရေးသူလဲ “အင်း…တော်မှတော်သေးရဲ့။ ကောင်းတာလေးတွေ ပါပေသေးလို့” ဟုစိတ်ထဲမှ ရေရွတ်နေမိသည်။ အမှန်ဆိုရသော် ထိုသူငယ်ချင်းပြောသွားသည်မှာ ငြင်းမရသောအဖြစ် ဖြစ်၏။ စာရေးသူတို့ မြန်မာနိုင်ငံသည် ဘတ်စ်ကားနှင့် ဒရိုက်ဘာ စပယ်ယာများ၏ အမူအကျင့်တွင် စနစ်တကျ တည်ငြိမ်ယဉ်ကျေးမှုမရှိခြင်း၊ ဘတ်စ်ကုမ္ပဏီများအနေဖြင့် ခရီးသည်များ အဆင်ပြေ စိတ်ချမ်းမြေ့မှုရှိနိုင်စေရန် ဝန်ဆောင်မှုအားနည်းခြင်း၊ ဘတ်စ်ကားများ လုံလောက်မှုမရှိခြင်းကြောင့် ခရီးသည်များ ပြွတ်သိပ်ညပ်သည်းခြင်း၊ ဘတ်စ်ကားများ ပြေးဆွဲရာတွင် လမ်းကြောင်းများသည် မလိုအပ်သော လမ်းကြောင်းထပ်နေမှုများကြောင့် ခရီးသည်များအတွက် အချိန်မကြန့်ကြာသင့်ပဲ ကြန့်ကြာနေခြင်း၊ စသည့်အခက်အခဲတို့မှာ အစိုးရနှင့် သက်ဆိုင်ရာဘတ်စ်ကားကုမ္ပဏီများ၏ တာဝန်ဖြစ်ပေသည်။ ဤသည်မှာ မြို့တော်ကြီးများဖြစ်သည့် ရန်ကုန်မန္တလေး စသည့် မြို့ကြီးများ၌ နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများဖြစ်၏။
လမ်းဖောက်လုပ်သော ကုမ္ပစီများသည်လည်း ထို့အတူပင်ဖြစ်သည်။ တောလ်ဂိတ်အဝင်ဝလောက်တွင်သာ ချောချောမွေ့မွေ့ခင်းထားပြီး ဟိုက်ဝေးလမ်းမများပေါ်တွင်မူ ကောင်းမွန်သော ဝန်ဆောင်မှုမရှိသည်မှာ စာဖတ်သူများ မြန်မာနိုင်ငံသူနိုင်ငံသားများ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခင် ရန်ကုန် မန္တလေး ခြောက်လမ်းသွား အဝေးပြေးလမ်းမကြီးမှာ နှစ်လမ်းသွားမျှသာ ကတ္တရာခင်း၍ လေးလမ်းသွားမှာမူ မြေသားများဖြစ်သည်. စာရေးသူမှတ်မိသလောက်ဆိုရပါမူ ၂၀၀၅/၂၀၀၆ ခုနှစ်များတွင် ထိုစီမံကိန်းအား တာဝန်ယူဖောက်လုပ်နေသော ကုမ္ပဏီမှာ အေးရှားဝေါလ်ကုမ္ပဏီဖြစ်သည်။ လမ်းကောင်း မကောင်းကိုတော့ အထူးပြောစရာမလိုတော့ပြီ။ ထိုကဲ့သို့ ကုမ္ပစီများအနေဖြင့် တာဝန်လစ်ဟင်းမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးများ ခရီးရောက်သင့်သလောက် မရောက်ပဲ ဖြစ်၏။ နိုင်ငံခြားခရီးသွားများနှင့် ပြည်သူများအတွက် အခက်အခဲမရှိသင့်ပဲရှိနေရ၏။
နောက်တစ်ခုမှာမူ Banking Servic မှစ၍ ကုမ္ပဏီတစ်ခုနှစ်တစ်ခု ဆက်သွယ်မှုပြုရာတွင် အဓိကလိုအပ်သော တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက်နှင့် လျှပ်စစ်စွမ်းအား မလုံလောက်မှုများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသို့ ရှေးရှူ့ပြုရာတွင် အထက်မှာဆိုခဲ့သောအရာများသည် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်မှာ ငြင်းစရာမရှိ။ လမ်းတံတား အဆင်ပြေချောမွေ့ ကောင်းမွန်စေရေး၊ လျှပ်စစ်စွမ်းအား လုံလုံလောက်လောက်ရှိနေနိုင်ရေး၊ တယ်လီကွန်မြူနီကေးရှင်းနှင့် အင်ဖိုမေးရှင်းတောင့်တင်းရေးများသည် အဓိကအချက်အချာကျသော အရာများဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ ဖောင်ဒရေးရှင်းဟုလည်း ဆိုနိုင်ပေသည်။ ထိုဖောင်ဒရေးရှင်း အားကောင်းမှသာလျှင် နိုင်ငံ၏စီးပွားရေးနံရံများကို အသားတကျဆက်လက်တည်ဆောက်နိုင်မည် ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည်တို့သည်လည်း ရဲရဲဝံ့ဝံ့ဝင်လာနိုင်ပေမည်။ ထိုသို့မဟုတ်ပဲ စာရေးသူဆိုခဲ့သော ဖောင်ဒရေးရှင်းများအနက်မှ တစ်ခုခုလျော့နေလျှင်ပင် ကြီးမားသောအဆုံးရှုံးကြီး ဖြစ်နေပေလိမ့်မည်။ နောက်ကျ ကျန်နေခဲ့ပေလိမ့်ဦးမည်။လျှပ်စစ်မလုံလောက်၍ လမ်းပမ်းဆက်သွယ်ရေး ညံ့ဖျင်း၍ စသည်ဖြင့် ၍၍ နေပါမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းနှင့် လက်ရှိ ရှိပြီးသား စက်မှုဇုံများ အချိန်မှန် မလည်ပတ်နိုင်ခြင်း စသည်များသည် နိုင်ငံအား ယုတ်လျော့စေခြင်းများသာ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းကြောင့် တိုးတက်လာသောလူဦးရေအရ အလုပ်လက်မဲ့ဖြစ်ရခြင်းများနှင့် ကြုံရခြင်း စက်မှုဇုံများ မလည်ပတ်နိုင်ခြင်းကြောင့် အလုပ်ရှိပြီး အလုပ်သမားများ အလုပ်မမှန်ခြင်းများဖြစ်နိုင်သည်ကို နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ဆင်ခြင်လေ့လာ သတိပြုရပေမည်။ ထိုတွင်မဟုတ်ပဲ အလုပ်သမားများအပေါ် အခြေခံလစာနှင့် ရပိုင်ခွင့် အခွင့်အရေးများကို လစ်လျူရှုမနေပဲ အလုပ်သမားစောင့်ရှောင့်ရေးများတွင် နိုင်ငံတကာကို အတုယူပြီး ဆက်လက်ချီတက်ကြရန်လိုပေသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် မိမိတို့စိတ်ဓါတ်များကို နိုင်ငံကြီးသားပီသသူပီပီ အကောင်းဆုံဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြပါရန်တင်ပြရင်း နိဂုံးချုပ်လိုက်ရပေသည်။


မင်းကြည်ညို

0 comments:

Post a Comment

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.