"မိတ်ဆွေသုံးဦး"



သစ်ပင်အိုကြီး တစ်ကိုယ်တည်း ညည်းရှာတယ်
ဒီလူတွေပေါ့ အရင်က ငါ့အရိပ်အောက်မှာ
ချွေးသိပ်ပြီး မှေးမှိတ်အနားယူခဲ့တာ။
အခုတော့ ရက်စက်စွာခွဲသွား
ငါ့ကိုတစ်ကိုယ်တည်း ထားသွားခဲ့ကြတယ်တဲ့။

ဒီတော့ အနားမှာနေတဲ့ ဥသြငှက်က မပူပါနဲ့အဘရယ်တဲ့။
ကျွန်တော့်နှလုံးသားက တမ်းတတဲ့တေးသွားတွေကိုဟစ်ကြွေးရင်း
အထီးကျန်နေတဲ့အဘရဲ့ လက်ကျန်အပိုင်းအစတွေကို
ကျွန်တော်အဖော်ပြုပေးပါ့မယ်တဲ့။

ဒီစကားကြားတော့
အဝေးကိုမျှော်နေတဲ့ အတွေးလွန်ကဗျာဆရာ
သစ္စာတိုင်ရတုတစ်ပုဒ် ခပ်သုတ်သုတ်ရေးပြီး
အရွက်ပြုတ်သစ်ပင်အိုကို ဖေးမလို့ ပြောပြရှာတယ်။

မပူပါနဲ့အဘရယ်
ကျွန်တော်လည်း အဘလိုပဲ တစ်ကိုယ်ထည်းထားခြင်းကိုခံရ
နေ့နေ့ညည ကျွန်တော့်တောင်ပံတွေ အဖြတ်ခံခဲ့ရတယ်။
အခုတော့ ရဲရဲနီတဲ့ နှလုံးသွေးတွေလည်း မည်းညစ်ညစ်ဖြစ်ခဲ့ရ
အဘဘဝနဲ့ ကျွန်တော့်ဘဝ ထားသွားခံရတာခြင်းလည်း
အတူတူပါပဲတဲ့။

အခုတော့ သစ်ပုတ်ပင်ကြီးရဲ့ နဘေး
ဥသြငှက်ကတေးဆိုလို့
အတွေးလွန်ကဗျာဆရာလည်း
ပြန့်ကျဲနေတဲ့ အတွေးစတွေကို လိုက်ကောက်ရင်း
ကာရန်မဲ့ကဗျာတွေစပ်လို့
သူတို့သုံးဦး တက်ညီလက်ညီနဲ့
အထီးကျန်နေတဲ့ ဘဝတွေကို ဖြတ်သန်းနေကြတော့တယ်။



                                                                          Dhamma Garden Ashin


"မိတ်ဆွေသုံးဦး"

အရွယ်လဲအို

အရွက်ပြိုနဲ့
နားခိုသူမဲ့
ထီးကျန်ရဲ့ဟု
တွေးချဲ့ဆွေးဆို သစ်ပင်အို။

ဥသြငှက်ပျို
ကြားစဉ်ထို၌
အိုဗျာအဘ
ကျွန်ုပ်ကလဲ
လွမ်းလှတေးဆို
ထီးကျန်ပိုသည်
တိုစွာဘဝ
ဒီခဏအား
ရွှင်ပျမရှိ
ဆိုးရွားဘိသည်
စရှိဆိုကာ နှစ်သိမ့်၏။



အဝေးတစ်ခေါ်
တွေးမျှော်ကာလွမ်းပါ၏
မှေးမပျော်ဘဝလမ်းကို
ကာရန်မဲ့တွေး
ကဗျာရေးတဲ့
ဆိုတေးဆရာ
ကြားသည့်မှာလျှင်
အိုဇာသစ်ပင်
ကျွန်တော့်တွင်လဲ
ရွှေရင်မလှ
ကျန်ခဲ့ရမို့
တွေးဆထောက်ချင့်
ရေကာဆင့်သော်
များလင့်ပေသည်
အလီလီရှိ
ညီပေတူလှ
သင့်ဘဝနှင့်
ထပ်ကျမကွာ ရှိတော့၏။



ကိုင်းခက်အတိ
ရွက်မရှိနှင့်
လွမ်းသည့်တေးဆို
ဥသြပျိုနှင့်
လွမ်းပိုဆရာ
ဤသုံးဖြာသည်
ဖေးကာခိုတွဲ
ထီးကျန်ဆဲလင့်
ပြိုင်နွှဲနေလျက်
နှစ်သိမ့်ယှက်သည်
ဆက်နွှဲနေဆဲ ဘဝထဲ။ ။
အထီးကျန်လဲ နွှဲလျှက်ပဲ။ ။

                                   မင်းကြည်ညို

ငါဒေသနာ


ငါ၏ဘဝ
ငါ၏ညနှင့်
ကပြစုံလင်
ဤလူ့ခွင်ကား
ငါလျှင်မင်းသား ဖြစ်သတည်း။


အငိုတစ်လှည့်
ပြုံးတစ်လှည့်နှင့်
ဖွဲ့နွဲ့သီကျူး
ကံမှူးစေရာ
ဤလူ့ရွာသည်
ငါသာဆရာ ဖြစ်သတည်း။


ငါပြငါသင်
ငါတွင်တွင်လျှက်                                        
ကြားနာခဲ့နှင့်
ပတ်လှည့်ဝန်းကျင်
ဘဝတွင်လည်း
ငါပင်တပည့် ဖြစ်သတည်း။  


ဤသို့ငါလျှင်
လောကခွင်ဝယ်
ငါပင်ငါစွဲ
အတ္တခဲနှင့်
ငါပဲနေသမျှ
ငါမရဟု
ငါကကြိုတင်
တွေးခဲ့မြင်သော်
ငါလျှင်အတ္တ ပြုတ်မှတည်း။  ။




                         မင်းကြည်ညို
                        ၁၇/၁၀/၂၀၁၁
                     နေ့လည် ၂နာရီ ၄၀မိနစ်

ပြောချင်တာလေးတွေရှိရင်ပြောခဲ့ပါဗျာ


ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ

မြန်မာစံတော်ချိန်

Myanmar Calendar

Followers

ရေးဖွဲ့မိသမျှအလင်္ကာပန်းများ

Blogger Widgets
Blogger Widgets
ချစ်ခြင်းတို့ဖြင့်ပွင့်လန်းရာမြေ. Powered by Blogger.